သရဏဂုံတည်မှု၊ သရဏဂုံပျက်မှုသည်နေ့ရက်အပိုင်းအခြားနှင့် မှန်းထား၍ ခံယူဆောက်တည်ရသော အရာမျိုးမဟုတ်၊ နေ့ရက်အပိုင်းအခြားနှင့် ခံယူဆောက်တည်၍မရ၊ ပါဏုပေတံ အသက်ထက်ဆုံးပြု၍ ခံယူဆောက်တည်ရသော အရာမျိုးပေတည်း၊ ပါဏုပေတံ-အသက်ထက်ဆုံးပြု၍ ခံယူဆောက်တည်မှရ၏၊ ထို့ကြောင့် သိက္ခာပုဒ်တို့သာလျှင် ပိုင်းခြားသော နေ့ရက်ကိုလွန်လျှင် ပျက်မှုဟူ၍ အသီးအခြားရှိသည်၊ သရဏဂုံ၌ ပိုင်းခြားသောနေ့ရက်ကိုလွန်၍ ပျက်မှုမရှိ၊ သေလွန်မှ ပျက်မှုသာရှိသည်။ (ကျူးလွန်၍ပျက်မှုကား-သီလ,သရဏဂုံ ၂ ပါးစုံပင်ရှိ၏။)
၁။ တစ်ခုသောသိက္ခာပုဒ်ကို ကျူးလွန်ခဲ့လျှင် ၅- ပါး၊ ၈-ပါး အကုန်ပျက်နည်းတစ်မျိုး
၂။ တစ်ခုသောသိက္ခာပုဒ်ကို ကျူးလွန်ခဲ့လျှင် တစ်ပါးသော သိက္ခာပုဒ်ကား မပျက်၊ ကျူးလွန်သော သိက္ခာပုဒ် တစ်ခ်ုသာပျက်နည်းတစ်မျိုး ဟူ၍ ၂-မျိုးရှိ၏။
၁။ ပဉ္စသိက္ခာပဒါနိ သမာဓိယာမိ၊ အဋ္ဌ ဥပေါသထင်္ဂါနိ သမာဓိယာမိ-ဟူ၍ တပေါင်းတည်း ခံယူဆောက်တည်ရာ၌ တစ်ခုပျက်လျှင် အကုန်ပျက်၏။
၂။ ယခုကာလ၌ကဲ့သို့ အသီးသီးခံယူဆောက်တည်ရာ၌ တစ်ခုခုကိုကျူးလွန်မိလျှင် ကျူးလွန်မိသော သိက္ခာပုဒ်သာပျက်၏ ဟု သမ္မောဟ၀ိနေဒနီ သိက္ခာဝိဘင်း အဋ္ဌကထာ၌လာ၏။
သရဏဂုံ အရာ၌မူကား
ထိုကဲ့သို့မဟုတ်၊ တပေါင်းတည်း ခံယူဆောက်တည်သည်ဖြစ်စေ၊ အသီးသီး
ကျူးလွန်သည်ရှိသော် တပေါင်းတည်းသာပျက်၏။ အဘယ်ကြောင့်ဆိုသော်-
၁၊ သိက္ခာပုဒ်တို့မှာ ကျူးလွန်ခြင်းမြောက်ရန် အဂါင်္အသီးအသီးရှိကြကုန်၏။
၁။ ရှင်ဂေါတမဘုရားကို ဘုရားမဟုတ်၊ ရှင်ဂေါတမ၏ တရားကို တရားမဟုတ်၊ ရှင်ဂေါတမ၏ တပည့်သားအရိယာသံဃာကို သံဃာမကောင်းမဟုတ်-ဟုတ် စိတ်ဆုံးဖြတ်သည်နှင့်တစ်ပြိုက်နက် ထိုသူမှာ သရဏဂုံပျက်၏။
၂၊ တစ်ကြိမ်ဆောက်တည်၍ထားသော သရဏဂုံမည်သည် မသေမီအတွင်း၌ အရှင်ဂေါတမ ဘုရား, အရှင်ဂေါတမ တရားး, အရှင်ဂေါတမတပည့်သား သံဃာ, အရှင်ဂေါတမသာသနာကို မကိုးကွယ်လိုပြီ- ဟုဗုဒ္ဓဘာသာကို စွန့်၍ ခရစ်ယာန်ဘာသာအစရှိသော ဘာသာတစ်ခုခုးသို့ ပြောင်းရွှေလျှင် သရဏဂုံပျက်၏။
၃။ ထိုသို့သော စိတ်မျိုးမရှိမူ၍ ဘုရားကိုလည်းကောင်း, မဂ် ၄-တန်, ဖိုလ် ၄-တန်, နိဗ္ဗာန်, ပရိယတ်တရားကိုလည်းကောင်း၊ ၈-ယောက်သော အရိယာသံဃာတော်ကိုလည်းကောင်း ယုံကြည်မြဲ ကိုးကွယ်မြဲတိုင်းသော စိတ်ကို မစွန့်မူ၍ ကုသိုလ်ပွါး, ပညာပွါး, ဘေးကင်း, ရန်ကင်းအားဖြင့် တစ်ပါးသောပုဂ္ဂိုလ်, တစ်ပါးသောဆရာ, မင်းစိုးရာဇာ, မိစ္ဆာစုန်းနတ်အစရှိသည်ကို ရှိခိုးဝပ်တွား ခ,စားရိုသေ ကိုးကွယ်လေသော်လည်း သရဏဂုံ မပျက်ပါ။
ထို့ကြောင့် သရဏဂုံမည်သည် တစ်ကြိမ်ခံယူဆောက်တည်ပြီးနောက် ဗုဒ္ဓဘာသာကို မစွန့်သမျှကာလပတ်လုံး အမြဲတည်၏၊ အခါခါ ခံယူတောက်တည်ဘွယ်ကိစ္စမရှိ၊ သို့သော်လည်း အခါခါ ခံယူဆောက်တည်မှုသည် ကုသိုလ်တရား အသစ်အသစ် ပွင့်လွင်းမှုဖြစ်၏၊ ထို့ကြောင့် ယခုကာလ၌ လူတို့သည် သရဏဂုံကိုလည်း သီလနှင့်အတူ အခါခါ ခံယူဆောက်တည်ကြရကုန်၏၊ ၅ ပါးသီလကဲ့သို့ ကျူးလွန်မိခဲ့သော်, ပျက်စီးခဲ့သော်-ဟု မိမိကိုယ်ကို မိမိစိတ်မချသာရှိ၍ အခါခါခံယူဆောက်တည်ကြကုန်သည်လည်းမဟုတ်၊ ဥပေါသထသီလကဲ့သို့ ယခင်ကခံယူဆောက်တည်သော နေ့ရက်အပိုင်းအခြားကိုလွန်၍ ငြိမ်းခဲ့ပြီ -ဟု အခါခါ ခံယူဆောက်တည်ကြကုန်သည်လည်း မဟုတ်။
[ဤကား -သီလတည်မှု, သီလပျက်မှု, သရဏဂုံတည်မှု, သရဏဂုပျက်မှု ၂-ပါးတို့၏ ကွဲပြားခြားနားပုံကို အကျဉ်းအားဖြင့် ထင်ရှားအောငပြဆိုလိုက်သော စကားတစ်ရပ်တည်း၊ ကျမ်းဂန်ပါဠိ ယုတ္တိသဘာဝများကိုနောက်မှပြဆိုမည်။]
ကိုးကွယ်မှု ၂-ပါးခြားနားပုံကိုပြခြင်း
လောက၌ ကိုးကွယ်ရာပြုမှုမည်သည် ၂-မျိုးရှိ၏။
၁။ သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာပြုမှု တစ်မျိုး။
၂။ အထူးကုသိုလ်ဖြစ်ပွားရန် ကိစ္စနှင့်ကိုးကွယ်ရာ ပြုမှုတစ်မျိုး။
၁။ သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာပြုမှုဆိုသည်ကား-သက်တော်ထင်ရှားရှိတော်မူသော သဗ္ဗညုမြတ်စွာဘုရားကိုလည်းကောင်း, မဂ် ၄-တန်, ဖိုလ် ၄-တန်, နိဗ္ဗာန်, ပရိယတ်တည်းဟူသော ၁၀-ပါးသော တရားတော်မြတ်ကိုလည်းကောင်း, သီလ၀န်, ဂုဏ၀န် ကလျှာဏပုထုဇဉ်ရဟန်းနှင့်တကွ ၈-ယောက်သော အရိယာသံဃာတော်မြတ်တို့ကို လည်းကောင်း အသက်ထက်ဆုံး အမြဲနိစ္စအားဖြင့် ယခုဘ၀၌ မိမိ၏ကိုးကွယ်ရာဟု ခံယူဆောက်တည်၍ ကိုးကွယ်မှုသည် သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာပြုမှုမည်၏။
၂။ စေတီ, ပုထိုး, ရုပ်ပွား, ဆင်းတုတည်ထောင်၍ ကိုးကွယ်မှု၊ မိမိမိမိတို့ ကြည်ညိုလေးမြတ်ရာ ဂိုဏ်းသံဃာ ပုဂ္ဂိုလ်ကို မိမိတို့ဆိုင်ရာ ဆရာသမားပြုလုပ်၍ အသီးသီး ကိုးကွယ်ကြမှုများသည် အထူးကုသိုလ်ဖြစ်ပွားရန်ကိစ္စနှင့် ကိုးကွယ်ရာပြုမှုမည်၏။
ထို ၂-မျိုးတို့တွင်
၁။ သရဏဂုံကိစ္စနှင့် ကိုးကွယ်ရာပြုမှုသည် ဗုဒ္ဓဘာသာမှန်ကြသူ နတ်, လူ, ဗြဟ္မာ သတ္တ၀ါခပ်သိမ်း တစ်ထပ်တည်း တူမျှကြ၏၊ ဘယ်သူ၏ ကိုးကွယ်ရာက ယုတ်ညံ့သည်၊ ဘယ်သူ၏ကိုးကွယ်ရာက မြင့်မြတ်သည်ဟူ၍ မရှိကြပြီ။
၂။ အထူးကုသိုလ်ဖြစ်ပွားရန် ကိစ္စနှင့် ကိုးကွယ်ရာပြုကြမှု၌ကား- ဘယ်သူ၏ ကိုးရာက ယုတ်ညံ့သည်၊ ဘယ်သူ၏ ကိုးကွယ်ရာက မြင့်မြတ်သည်ဟူ၍ အထူးထူးအထွေထွေရှိကြ
၏၊ အထူးကိုသိုလ်ဖြစ်ပွားရန် ကိစ္စနှင့် ကိုးကွယ်ရာ ပြုကြမှုသည်ကား- သရဏဂုံကိစ္စမျိုးမဟုတ်၊ ဤကဲ့သို့ ကိုးကွယ်မှုနှင့် သရဏဂုံကိစ္စ ပြီးစီးသည်လည်း မဟုတ်၊ သရဏဂုံကိစ္စကို ညစ်နွမ်းစေတတ်, ပျက်စီးစေတတ်သည်လည်း မဟုတ်။
ထို့ကြောင့် ခုဒ္ဒကပါဌအဋ္ဌကထာ၍-
ဤသရဏဂုံသို့ ကပ်ပြီးသောသူအား တစ်ပါးသော ဘိက္ခုသံဃာ၌လည်းကောင်း, ဘိက္ခုနီသံဃာ၌လည်းကောင်း, ဘုရားအမှူးရှိသော သံဃာ၌လည်းကောင်း, စတုဝဂ္ဂစသည် အပြားရှိသော သမ္မုတိသံဃာ၌လည်းကောင်း, သဗ္ဗညုတဘုရားကို ရည်စူး၍ ပဗ္ဗဇိတအဖြစ်သို့ ရောက်သော သိက္ခမာန်-သာမဏေ-သီတင်းသည်-ရသေ့-ပရဗိုဇ်တို့၌လည်းကောင်း ရှိခိုးခြင်းစသည်ကို ပြုခြင်းကြောင့် ခံယူဆောက်တည်၍ ထားအပ်သော ပကတိသရဏဂုံသည် ပျက်စီးခြင်း¸ ညစ်နွမ်းခြင်းမရှိ- ဟူလိုသည်။ ဤအဋ္ဌကထာပါဌ်ဖြင့် ပကတိသရဏဂုံကိစ္စနှင့် အထူးကိုးကွယ်မှုကိစ္စ ၂-ပါး၏ ကွဲပြားခြားနားမှုသည် အလွန်ထင်ရှား၏၊ အထူးကိုးကွယ်မှု တစ်မျိုးဖြစ်၍ ရဟန်း သံဃာ၌ ရှိခိုးမှုစသည်ကိုပင် သရဏဂုံပျက်ကြောင်း မဟုတ်ဟု ကွက်ခြား၍ မိန့်ဆိုရလေသတည်း၊ ပစ္စုပ္ပုန်အကျိုးစီးပွားအတွက်နှင့် မင်းစိုးရာဇာကိုရှိခိုးမှု, မိရိုးဖလာနတ်တို့ကို ရှိခိုးမှု, ကိုးကွယ်မှု-စသည်တို့သည်လည်း ထို့အတူ သရဏဂုံပျက်ကြောင်း မဟုတ်ကုန်။
0 comments:
Post a Comment