ရှင်မဟာသီလ၀ံသ
မြန်မာ့စာပေသမိုင်းတွင်”သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလ၀ံသတည်း” ဟူ၍လည်းကောင်း”ပါရမီ မသီနှင့်” ဟူ၍လည်းကောင်း၊ “တောင်းကိုမဖောက် တောင်ကိုဖောက်သည် စိန်ကျောက်အသွင် သီလ၀င်”ဟူ၍လည်းကောင်း ဥဒါန်းတွင်ခဲ့သော “ပေလေးပင် ရှင်လေးပါး” အ၀င်အပါ
ရှင်မသာသီလ၀ံသလောင်းလျာကို တောင်တွင်းကြီးမြို့၏မြောက်ဖက်ရှိ မြို့လုလင်ရွာ အရှေ့ပိုင်း၌ အဘဦးကြည်+အမိ(နတ်ထိန်းကြီး) ဒေါ်ဒွေးတို့မှ သက္ကရာဇ်-(၈၁၅) ခုနှစ်တွင် ဖွားမြင်တော်မူခဲ့သည်။ ငယ်မည်ကား မောင်ညိုဖြစ်၏။ ရှင်ဥတ္တမကျော်လောင်းလျာ မောင်ဥက္ကာဖွားမြင်ပြီး (၆) ရက်မြောက်နေ့တွင် မောင်ညိုခေါ် ရှင်မဟာသီသ၀ံသလောင်းလျာကို ဖွာင်းမြင်တော်မူခဲ့ပြီး မောင်ဥက္ကာနှင့်မောင်ညိုတို့သည် တစ်ရွာတည်း တစ်ရပ်တည်း၊ တစ်ပိုင်းတည်းနေ သူငယ်ချင်းများများဖြစ်ကြသည်။ ပညာသင်ကြားသောအခါ၌လည်း တောင်တွင်းကြီးမြို့စား သီဟပတေ့ကြီး ဆက်ကပ်လှူဒါန်းသည့် ရတနာ့ဗိမာန်ကျောင်း နတ်မီးလင်းဆရာတော် အရှင်သီလာစာရာဘိဓဇ အထံတော်၌ အတူတကွအပ်နှံ ပညာသင်ကြခဲ့ကြသည်။ ရှင်သာမဏေဘောင်သို့ တတ်ရောက်သောအခါ၌လည်း သက္ကရာဇ်-(၈၀၃) ပြည့်နှစ်၊ အသက်-(၁၅) နှစ်အရွယ်တွင် နတ်မီးလင်းဆရာတော်အထံ၌ပင် အတူတကွ သာမဏေဘောင်သို့ဝင်ရောက်ခဲ့ကြသည်။ ဘွဲ့တော်တို့ကား မောင်ဥက္ကာသည် တနင်္ဂနွေသားဖြစ်၍ ရှင်ဥတ္တမ-ဟုလည်းကောင်း၊ မောင်ညိုသည် သောကြာသားဖြစ်၍ ရှင်သီလ၀ံသ-ဟုလည်းကောင်း ဘွဲ့အမည်တွင်လေ၏။ ရှင်ဥတ္တမနှင့်ရှင်သီသလ၀ံသတို့သည် နတ်မီးလင်းဆရာတော် အရှင်သီလာစာရဘိဓဇ-ထံတော်၌ပင် ပညာရင်နို့ သောက်စို့ခဲ့ကြသည်။ ရှင်သီလ၀ံသသည် ကျောင်းသားဘ၀ ငယ်စဉ်ကပင် ကျောင်းနေဘက်များအလယ်တွင် ခဏချင်းဖြင့် ကဗျာလင်္ကာကို စပ်ဆိုနိုင်သည်ဟု ထင်ရှားခဲ့သည်။ အခြေခံ ပညာပါရမီ ပါလာသည့်ပုဂ္ဂိုလ်ဖြစ်သည့်အလျောက် ကျမ်းဂန်အရပ်ရပ်၌ တက်မြောက်ကျွမ်းကျင်တော်မူသည့်အပြင် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်တာရာ အဖြာဖြာတို့ကို ကျွမ်းကျင်တော်မူပြီး ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု၊ ရကန်၊ ရာဇ၀င်၊ သမိုင်းများပါမကျန် နှံ့စပ်ကျွမ်းကျင်တော်မူ၏။ စွယ်စုံတတ်ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်ပေသည်။ သက္ကရာဇ်-(၈၃၅) ခုနှစ်၊ အသက်(၂၀)ပြည့်သောအခါ ရဟန်းအဖြစ်သို့ရောက်ရှိတော်မူရာ ဘွဲ့တော်မှာ အရှင်မဟာသီလ၀ံသပင်ဖြစ်၏။ ထိုနှစ်အတွင်းမှာပင် “ပေလေးပင် ရှင်လေးပါး” အ၀င်အပါ ရှင်ဥတ္တမ၊ ရှင်အုန်းညို၊ ရှင်ခေမာ တို့လည်း ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူကြကုန်၏။ အရှင်မဟာသီလ၀ံသ ရှေးဦးဆုံး စပ်ဆိုသီကုံးရေးသားတော်မူခဲ့သောစာပေကား “ဗောဓိမဏ္ဍိုင်၊ ခန်းဝါပိုင်က” အစချီသော “ပါရမီတော်ခန်းပျို့”ဖြစ်၏။ ပါရမီတော်ခန်းပျို့ကို မည်သည့်ခုနှစ်တွင်စတင်၍ရေးသားခဲ့သည်ကိုကား အတိအကျမသိရပေ။ သို့သော် ကျမ်းနိဂုံးတွင် သက္ကရာဇ်-(၈၅၃) ခုနှစ်တွင်ပါရမီတော်ခန်းပျို့ကို ရေးသားစီရင်ပြီးကြောင်း ပြဆိုထားပါသည်။ ပါရမီတော်ခန်းပျို့၌ပါရှိသည့် အကြောင်းအရာကား ဂေါတမမြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ဘ၀ဖြင့် ဒီပင်္ကရာမြတ်စွာဘုရား အထံတော်မှ ဘုရားဖြစ်မည့်ဗျာဒိတ်တော်ကို ခံယူတော်မူ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်တော်မူရမည့် ပါရမီတော်များကို ဗုဒ္ဓ၀င်ပါဠိတော်မှထုတ်နှုတ်ကာစကားအလင်္ကာတန်ဆာဆင်၍ဖွဲ့ဆိုသီကုံးထားသောအကြောင်းအရာများဖြစ်သည်။ ဤသို့ ပါရမီတော်များကို ခွဲခြားဝေဖန်၍ပြရာ၍ အခန်းကြီး(၁၀)ခန်းထား၍ ပါရမီတော်တစ်ပါးလျှင် တစ်ခန်းကျဝေဖန်ပြီး စီရင်သီကုံးဖွဲ့ဆိုထားကို တွေ့ရှိရ၏။ ဤပါရမီတော်ခန်းပျို့သည် လွန်စွာနက်နဲလှသည့်အပြင် ကဗျာဗန္ဓဖွဲ့ဆိုပုံ၌လည်း စကားအပိုအလိုမရှိ စေ့စပ်သိပ်သည်းလှသောကြောင့်” ပါရမီ မသီနှင့်” ဟူ၍ ရှေးရှေးပညာရှိကြီးများ ဆိုထုံးပြုခဲ့ကြသည်။ အဓိပ္ပါယ်ကား-ပါရမီတော်ခန်းပျို့သည် စကားသိပ်သည်းပြေပြစ်၍ အဓိပ္ပါယ်လေးနက်ခက်ခဲလှသောကြောင့် ဤပျို့ထက် အလွန်ကောင်းမွန်အောင် နောက်နောက်ဆရာတို့ ရေးစပ်နိုင်ဖို့ရန် ဝေးစွ၊ ဤပျို့၏အဆင့်အတန်းကိုပင် မီအောင်ရေးနိုင်ကြမည်မဟုတ်။ တုပနှိုင်းယှဉ်ရန်ပင် ပါရမီတော်ခန်းပျို့အနားသို့ မကပ်မသီကြလေနှင့်-ဟူ၍ ဆိုလိုသတည်း။ ရှင်မဟာသီလ၀ံသသည် ကဗျာကို ကောင်းစွာပိုင်ပိုင် နိုင်နင်းသော စာဆိုအကျော်အမော်တစ်ပါးဖြစ်၏။ တရားအဆီအနှစ်များနှင့်ပြည့်ဝသော ဤပျို့သည် စုလစ်မွန်းချွန်တပ်ဆင်ထားသော နန်းတော်အဆောက်အအုံတို့နှင့်တူလှပေ၏။ စာဆိုအရှင်သည် ပါဠိ-အဋ္ဌကထာတို့၌ လွန်စွာကျွမ်းကျင်သည့်အားလျော်စွာမိမိကျွမ်းကျင်သောအတတ်ဖြင့် ကဗျာအဆောက်အအုံကြီးကို အလင်္ကာတန်ဆာဆင်ယင် ဖွဲ့ဆီသီကုံးရေးသားတတ်သောကြောင့် “သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလ၀ံသတည်း” ဟူ၍ ရှေးပညာရှိကြီးများက ဆိုထုံးပြုထားခဲ့ကြခြင်းဖြစ်၏။ ဤသို့ ကဗျာ အဆောက်အအုံကြီးကို မွမ်းမံခြယ်လှယ်ရာ၌သ လောက၊ ဓမ္မ၊ တို့တွင် ဓမ္မအကြောင်းဘက်ကို ပို၍အားသန်ပုံရ၏။ ဓမ္မအကြောင်းဘက်က ပိုမိုပြည့်ဝသည်ကိုတွေ့ရှိရပေ၏။ ပါရမီတော်ခန်းပျို့ကျမ်းကြီးကို စေ့စပ်သေချာစွာ နားလည်ထားရှိသူသည် အခြားကျမ်းငယ်များကို နားလည်နိုင်ဖို့ရန် မခဲယဉ်းတော့ပေ။ ထို့ကြောင့် ဤပါရမီတော်ခန်းပျို့ကြီးသည် ကဗျာ့ဘဏ်တိုက်ကြီးနှင့်လည်းတူလှပေ၏။ ရှင်မဟာသီလ၀ံသသည် ပါရမီတော်ခန်းပျို့ကို ရေးသားပြီးစီးသည့်နောက် တစ်နှစ်ကျော်အကြာ၌ ပညာကိုဆည်းပူးစုဆောင်း၍ အားမရနိုင်သေးရကား ကျမ်းတတ်ပုဂ္ဂိုလ်များရှိရာ အင်းဝသို့ကြွရောက်လိုသောဆန္ဒရှိသဖြင့် မိမိဆရာတော်ကလည်း ခရီးလမ်း ကြမ်းတမ်းသည်က တစ်ကြောင်း၊ ညာလက်ရုံးကဲ့သို့ အားကိုးရသောတပည့်ကြီးတစ်ယောက် ထွက်ခွါသွားခဲ့လျှင် တောင်တွင်းကြီးမြို့တွင် အားလျှော့ဖွယ် ဖြစ်နေတော့မည်က တစ်ကြောင်းကြောင့် တွေးတောစိုးရိမ်မိ၍ အင်းဝသို့မသွားရောက်ရန် အတန်တန်တားမြစ်ပါသော်လည်း နောက်ဆုံးတွင် သွားခွင့်ပြုလိုက်လေတော့၏။ (မှတ်ချက်-ဒီနေရာမှာ အချို့ဆရာတို့ကား ရှင်မဟာသီလ၀သံအား ရဟန်းတန်မဲ့နှင့် ကဗျာဖွဲ့သည်-ဟု အပြစ်ဆိုပြီးလျှင် နတ်မီးလင်းဆရာတော်က ကျောင်းမှနှင်ချလိုက်သည်-ဟု ဆိုကြ၏။ ထိုဆိုသည် မခိုင်လုံကြောင်းတွေ့ရှိရပါတယ်။ အဘယ့်ကြောင့်ဆိုသော အင်းဝမြို့သို့သွားရန် ရှင်သီလ၀ံသက တောင်းပန်သောအခါ ဆရာတော်က တားမြစ်တော်သေးကြောင်းကို ရှင်မဟာသီလ၀ံကကိုယ်တော်တိုင် ရေးသားထားသော “ တောင်တွင်းလာပျို့” တွင် ရေးသားထားကို ထောက်ရှုနိုေ်သောကြောင့်ပင်တည်း)။ ရှင်မဟာသီလ၀ံသသည် ဆရာတော်၏ခွင့်ပြုချက်ရရှိပြီး၍ သက္ကရာဇ်-(၈၅၄)ခုနှစ်တွင်၊ ကဆုန်လပြည့်နေ့တွင် အင်းဝရျွှေမြို့တော်သို့ ကြွတော်မူခဲ့သည်။ အင်းဝရွှေမြို့တော်သို့ရောက်ကာစ ဘုရင်မင်းခေါင်ထံသို့ မေတ္တာစာများရေးသားဆက်သွင်းသည်တွင် ဘုရင်မင်းခေါင်က စေတနာထက်သန် ကြည်ညိုတော်မူလှသဖြင့် ရှင်မဟာသီလ၀ံသ စီရင်တော်မူသော ပါရမီတော်ခန်းပျို့နှင့် ရှင်မဟာရဋ္ဌသာရ စီရင်တော်မူသော ဘူရိဒတ်လင်္ကာကြီး၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့များကို ယှဉ်ပြိုင်ကြားနာ၍ စာပွဲသဘင်ကြီး ကျင်းပတော်မူစေသည်။ စာပွဲသဘင်ကြီးကျင်းပ၍ အဆုံးတွင် ဒုတိယမင်းခေါင်က ပါရမီတော်ခန်းပျို့ကဗျာက ကောင်းလှကြောင်း နေပြည်တော်ဆရာ ရှင်မဟာရဋ္ဌသာရအား လျှောက်ထားရာ ရှင်မဟာရဋ္ဌသာရက “ပါရမီတော် မည်သို့ပင် ဖြည့်ဆည်းပူးသော်လည်း ဆုတောင်းဦးမှ ဘုရားဖြစ်နိုင်သည်-တကာတော်မင်းမြတ်” ဟု မိန့်ကြားတော်မူ၏။ ထိုသို့ မိန့်မြွတ်တော်မူသွားသည်ကို ရှင်သီသ၀ံသကြားသိတော်မူရာ မိမိနေထိုင်ရာကျောင်းတော်သို့ ပြန်ကြွပြီးလျှင် “ဆုတောင်းခန်းပျို့” ကို သုံးရက်နှင့်အပြီး ရေးသားစီကုံးတော်မူလေ၏။ ဆုတောင်းခန်းပျို့ပါ စကားရပ်များမှာ ဂေါတမမြတ်စွာဘုရားသခင်သည် ဤကမ္ဘာမှပြန်၍ရေသော် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းထက်တွင် ဒီပင်္ကရာမြတ်စွာဘုရားရှင်လက်ထက်တော် သုမေဓာပုဏ္ဏားဘ၀နှင့် နုစဉ်အခါက ကုဋေအရာမက များပြားလှစွာသော ဥစ္စာပစ္စည်း အခြွေအရံတို့ကို စွန့်ပစ်တော်မူပြီး တောထွက်၍ ရသေ့ရဟန်းပြုတော်မူပြီးလျှင် ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူ၍ ရမ္မ၀တီပြည်သို့ ကြွတော်မူလာသောကာလ လမ်းခရီးတွင် တာငန်းပြု၍ ပူဇော်အံ့သောငှာကြိုးစားပါသော်လည်း တာငန်းမပြီးဖြစ်နေလေ၏။ ထိုအခါ မိမိကိုယ်ကို တံတားခင်း၍ ဘုရားဆုကိုတေင်းယူတော်မူခဲ့သော အကြောင်းအရာများကို ဗုဒ္ဓ၀င်ပါဠိတော်မှ ထုပ်နှုတ်၍ မြန်မာကဗျာဖြင့် တန်ဆာဆင်စီရင်သီကုံး ဖွဲ့ဆိုရေးသားထားပေ၏။ ဤ “ဆုတောင်းခန်းပျို့”သည် သုံးရက်နှင့်အပြီးရေးသားသောပျို့ဖြစ်သော်လည်း လေးနက်ခန်းနားသော စကားလုံးအသုံးအနှုံးများကို “ပါရမီတော်ခန်းပျို့” တွင်တွေ့ရှိရသကဲ့သို့ပင် ပါဠိတော်စကားလုံးများကို အကျယ်ချဲ့၍ ခက်ခဲနက်နဲအောင် ဖွဲ့ဆိုသီကုံးနိုင်သော စာဆိုအရှင်ကို ချီးမွမ်းထိုက်လှပေ၏။ ရှင်မဟာသီလ၀ံသသည် “သံဝရပျို့၊ ဗုဒ္ဓုပ္ပတ္တိပျို့၊ ဓမ္မပါလပျို့” (မှတ်ချက်= ဓမ္မပါလပျို့ကိုရေးဆဲ မပြီးမီ သက္ကရာဇ်-(၈၈၂)ခုနှစ်၊ ရှင်မဟာသီလ၀ံသမထေရ် သက်တော်-(၆၇)ခုနှစ်တွင် ပျံလွန်တော်မူခဲ့သောကြောင့် တပည့်ဖြစ်သော ပုဂံဆရာတော်က ဆက်လက်ရေးသား၍ သက္ကရာဇ်-(၉၁၁)ခုနှစ်တွင် ထိုပျို့ ပြီးဆုံးခဲ့ပါသည်)။ တို့ကိုလည်း ရေးသားစီရင်တော်မူခဲ့သည့်အပြင်လူအများအသိခက်ခဲသောပျို့တစ်စောင်ကိုလည်းရေးသားခဲ့သေးသည်။ ထိုပျို့ကား “တောင်တွင်းလာပျို့” ဟူ၍ ကျော်ကြားပါသည်။ ဉာဏ်ကစားရန်အတွက် ရည်ရွယ်၍ ရေးသားခဲ့ဟန်တူပါသည်။ ထိုပျို့သည် အင်းဝနေပြည်တော်သို့ရောက်မှ စပ်ဆိုသောပျို့ဖြစ်၏။ တောင်တွင်းကြီးမှ အင်းဝနေပြည်တော်သို့ ထွက်လာရခြင်းအကြောင်းကို ရေးသားထားသဖြင့် “တောင်တွင်းလာပျို့” ဟူ၍ အမည်တွင်လေ၏။ ဤပျို့၌ စာဆိုအရှင်သည် မိမိတွေ့ကြုံခဲ့သော အဖြစ်အပျက်များကိုလျှို့ဝှက်သိုသိပ်၍ထားသော ပဟေဠိစကားများဖြင့် တန်ဆာဆင်ထားရကား ရှေးပုဂ္ဂိုလ်ကျော် ပညာရှိကြီးတို့ပင် ဆိုလိုရင်းအဓိပ္ပါယ်ကို သေချာကျနစွာ မပြန်ဆိုနိုင်သဖြင့် ဤပျို့သည် ကတ္တီပါစသည်ဖြင့် ဖုံးအုပ်၍ထားသော ရှင်သီလ၀ံသ၏ ရုပ်ပုံဓာတ်ကားနှင့် တူလှပေ၏။ ကတ္တီပါစသည်ကိုဖွင့်လှစ်နိုင်သူသည် အရှင်မဟာသီလ၀ံသ၏ ရုပ်ပုံကားကို တွေ့မြင်နိုင်သကဲ့သို့ ထိုတောင်တွင်းလာပျို့စကားလုံးတို့ကို အဓိပ္ပါယ်ပေါ်အောင် ဖွင့်လှစ်နိုင်သူသည် ရှင်မဟာသီလ၀ံသ၏ အကြောင်းကို သနစ်ကုန်သိရှိနိုင်မည်ဖြစ်၏။ ထိုပျို့၏အနက်ကို ၁၀၉၇-ခုနှစ်တွင် ဆားလင်းဆရာတော်က ဖွင့်လှစ်ပြဆိုခဲ့သေး၏။ ထိုတောင်တွင်းလာပျို့သည် ရှင်မဟာသီလ၀ံသမထေရ် အင်းဝသို့ကြွရန် နတ်မီးလင်းဆရာတော်အား အခွင့်ပေးပါမည့်အကြောင်း အခွင့်တောင်းရာ အခွင့်ရသည်ဖြစ်၍ နောက်ဆုံးတွင် အင်းဝရွှေမြို့တော်သို့ ကြွလာတော်မူကြောင်း ဖွဲ့ဆိုရေးသားထားခြင်းဖြစ်၏။ ရှင်မဟာသီလ၀ံသသည် သက္ကရာဇ်-(၈၅၈)ခုနှစ်၊ ဒုတိယမင်းခေါင်လက်ထက်တွင် “တံတားဦးတည်မော်ကွန်း” ကို ရေးသားပြုစုတော်မူခဲ့၏။ “တံတားဦးတည်မော်ကွန်း” ဟု အမည်မှည့်ရခြင်းကား တံတားဦးအရပ်၌ ဒုတိယမင်းခေါင် တည်ထားကိုးကွယ်တော်မူသော မင်္ဂလာစေတီတော်ကို ဖွဲ့ဆိုသောကြောင့်ဖြစ်၏။ ထိုနှစ်တွင်ပင် ရှင်မဟာရဋ္ဌသာရသည်လည်း “ တံတားဦးတည်မော်ကွန်း” တစ်စောင်ကို ဖွဲ့ဆိုသေး၏။ ရှင်မဟာရဋ္ဌသာရက ရှင်မဟာသီလ၀ံသထက် အရေးအသားလက်ဦးကျပြီးစောာဟန်တူပါသည်။ အဘယ်ကြောင့်ဟူမူကား ရှင်မဟာသီလ၀ံသသည် တံတားဦးတည်မော်ကွန်းကိုရေးသားပြုစု၍ (၁၂)ပုဒ်မျှ ပြီးစီးသည့်ကာလ ရှင်မဟာရဋ္ဌသာရက ရေးသားစီရင်ပြီးဆုံးကြောင်းကိုကြားသိရ၍ ဆက်လက်မရေးသားတော့ပဲ ပုရပိုက်ပေါ်တွင် ရေးသားပြီးနေသော(၁၂)ပုဒ်ကို ချေဖျက်စေသည်တွင် တပည့်ရဟန်းများက ကူးယူသိမ်းဆည်းထားခဲ့ကြ၏။ ထိုမော်ကွန်း၌ ရှင်မဟာသီလ၀ံသ သည် ဒုတိယမင်းခေါင်အား ဗုဒ္ဓအလောင်းလျာသဖွယ်ထား၍ ခမ်းနားနက်နဲသော စကားဥပမာ တို့ဖြင့် တန်ဆာဆင်ကာ ရေးသားဖွဲ့ဆိုထားပေ၏။ ဥပမာတင်းထားပုံမှာ အလွန်ကောင်းမွန်လှသဖြင့် ရှင်မဟာသီလ၀ံ၏ ကဗျာအာဘော်ကိုမီအောင်ပင် နောက်ဆရာတို့မလိုက်နိုင်ကြတော့ပေ။ ရှင်မဟာသီလ၀ံသသည် ဤမော်ကွန်းအပြင် “သျှိသျှားမိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း” တို့ကိုလည်း ရေးသားစီရင်ခဲ့သေး၏။ ရှင်မဟာသီလ၀ံသသည် စကားပြေကျမ်းများကိုလည်း ရေးသားစီရင်ပြုစုတော်မူခဲ့ကြောင်း တွေ့ရှိရပါသည်။ ရွှေနန်းကြော့ရှင်လက်လက် သက္ကရာဇ်-(၈၆၃) ခုနှစ်တွင် “ပါရာယန၀တ္ထု”ကို စီရင်ရေးသားတော်မူခဲ့၏။ ပါရာယန-ဟူသည် ကမ်းတစ်ဖက်သို့သွားရာလမ်း(သို့မဟုတ်) နိဗ္ဗာန်သို့သွားရာလမ်းဟု အဓိပ္ပါယ်ရ၏။ သံသရာ၏ ကမ်းတစ်ဖက်ဖြစ်သော-နိဗ္ဗာန်သို့သွားစရာ ခရီးလမ်းသဖွယ်ဖြစ်သော ကျင့်ဝတ်တရားတို့ကို သက်သေ သာဓကများနှင့်တကွ ညွန်ပြသောဝတ္ထူဖြစ်သောကြောင့်လည်း “ပါရာယန၀တ္ထု” ဟု အမည်တွင်လေ၏။ ဤပါရာယန၀တ္ထုသည် ဘုရားဟောဓမ္မက္ခန္ဓာအပေါင်းတို့မှ ကောင်းနိုးရာရာတို့ကို ထုတ်နှုတ်စိစစ်၍ မြန်မာစကားပြေသွားဖြင့် ဖွဲ့နွဲ့စီကုံးရေးသားထားသောကျမ်းဖြစ်သည်။ ဤ၀တ္ထုတွင် ပါဠိဘာသာစကားများကို နည်းပါးနိုင်သလောက် နည်းပါးစေသည့်အပြင် ရွေးကောက်ထုတ်နှုတ်ပြသော စကားများမှာလည်း လူအများသတိတရားရဖွယ် သံဝေဂဖြစ်ဖွယ်များနှင့် ပြည့်နှက်နေသဖြင့် အများအကျိုးရှိမည့် ၀တ္ထုကျမ်းတစ်စောင်ဖြစ်၏။ ထင်ရှားတွေ့ရှိရသမျှသော မြန်မာစကားပြေ၀တ္ထုများတွင် “ပါရာယန၀တ္ထု” သည် ရှေးအကျဆုံး အဟောင်းဆုံးဝတ္ထုဖြစ်ပါသည်။ ရှင်မဟာသီလ၀ံသသည် ရာဇ၀င်ကျမ်းကိုလည်း ရေးသားပြုစုခဲ့၏။ သက္ကရာဇ်-(၈၆၄) ခုနှစ်တွင် ရာဇ၀င်တစ်စောင်ကို ရေးသားပြုစုခဲ့ရာ ယခုအခါ “ရာဇ၀င်ကျော်” ဟူ၍ အမည်တွင်လေသည်။ “ရာဇ၀င်ကျော်” ဟူသောအမည်မှာ ရှင်မဟာသီလ၀ံသမထေရ် မှည့်ခဲ့ရင်းအမည် မဟုတ်ပေ။ နောက်မှခေါ်ကြသောအမည်ဖြစ်၏။ ရှင်မဟာသီလ၀ံသမထေရ် မှည့်ခဲ့သောအမည်ကား “မဟာသမ္မတ၀ံသကျမ်း” ဟူ၍ဖြစ်၏။ ထိုရာဇ၀င်ကျော်ကျမ်းသည်လည်း ထင်ရှားတွေ့ရှိရသမျှသော ရာဇ၀င်ကျမ်းများတွင် အစောဆုံး၊ အဟောင်းဆုံးဖြစ်၏။ ဤကျမ်းကိုပြုစုရာ၌ ရှင်မဟာသီလ၀ံသသည် မိမိဉာဏ်စွမ်းဖြင့် စကားသစ်၊ စကားဆန်းများ စိစစ်ဝေဖန်ရေးသားခြင်း များစွာမပြုပဲ ပါဠိဘာသာဖြင့်ရှိသော “မဟာဝင်ကျမ်း” ကိုမြန်မာဘာသာ နိဿယပြန်ဆိုရေးသားခြင်းမျှသာဖြစ်၏။ ထိုရာဇ၀င်ကျမ်းကြီးကို မဇ္ဈိမရာဇ၀င် (ကမ္ဘာဦးသမ္မတမင်းမှ ဓမ္မာသောကမင်းအထိ)၊ သီဟိုဠ်(သီရိလင်္ကာ) ရာဇ၀င် (၀ိဇယမင်းမှ မဟာနန်မင်းအထိ)၊ မြန်မာရာဇ၀င် (ဒွတ္တဘောင်မင်းမှ အင်းဝ မဟာသီဟူရမင်းအထိ)-အားဖြင့် သုံးပိုင်းခွဲ၍ မှတ်သားနိုင်ပါသည်။ ဤရာဇ၀င်ကျမ်း၏ လေးပုံသုံးပုံခန့်မှာ မဇ္ဈိမရာဇ၀င် အကြောင်းအရာများသာဖြစ်၍ ကျန်တစ်ပုံမှာခန့်သာလျှင် သီဟိုဠ်(သီရိလင်္ကာ) ရာဇ၀င်နှင့်မြန်မာရာဇ၀င်အကြောင်းအရာပါဝင်လေ၏။ မြန်မာရာဇ၀င်ကိုရေးသားရာ၌လည်း မင်းဆက်အစီအစဉ်များကိုသာ ဖော်ပြ၍ ထိုမင်းများလက်ထက် ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အတ္ထုပ္ပတ္တိများကိုကား မြှုပ်၍ချန်လှပ်ထားခဲ့သည် တွေ့ရှိရပါသည်။ တစ်ခါသော ရွှေနန်းတော်အတွင်းဝယ် ဒုတိယမင်းခေါင်က မိမိကိုးကွယ်ဆည်းကပ် ပူဇော်ထားသည့် ရှင်မဟာသီလ၀ံသမထေရ်မြတ်နှင့် နေပြည်တော်ဆရာတော် ရှင်မဟာရဋ္ဌသာရမထေရ်မြတ်နှစ်ပါးတို့အား “အရှင်တို့ဂုဏ်ပုဒ်များကို ချီးကျူး၍ကြွတော်မူကြပါ” ဟု လျှောက်ထားရာ ရှေးဦးစွာ နေပြည်တော်ဆရာတော် ရှင်မဟာရဋ္ဌသာရက “တောင်းကိုမဖောက်၊ တောင်ကို ဖောက်၊ စူးဆောက်ပမာ-ရဋ္ဌသာ” ဟူ၍ မိန့်ကြားပြီး ကြွသွားတော်မူ၏။ ထို့နောက် ရှင်မဟာသီလ၀ံသမထေရ်မြတ်ကလည်း “တောင်းကိုမဖောက်၊ တောင်ကိုဖောက်၊ စိန်ကျောက်အသွင်-သီလ၀င်” ဟု မိန့်ကြားတော်မူပြီး ကြွသွားတော်မူလေ၏။ ရှင်မဟာသီလ၀ံသသည် အဖက်ဖက်မှ စွယ်စုံတော်တတ်မြောက် ကျွမ်းကျင်တော်မူရကား ရဟန်း၊ ရှင်၊ လူ အပေါင်းတို့က “ သီလ၀ံသ” ဟူသောဘွဲ့တော်ရှေ့တွင် ‘မဟာ’ ဟူသော ဂုဏ်ပုဒ်တပ်၍ “ ရှင်မဟာသီလ၀ံသ” ဟု ယခုတိုင် ခေါ်ဝေါ်ကြလေ၏။ မြန်မာ့စာပေသမိုင်းတစ်လျှောက်တွင့်လည်း “ ရှင်မဟာသီလ၀ံသ” ဟူ၍ သမိုင်းထိုး မော်ကွန်းတင်ခဲ့ကြလေ၏။ ရှင်မဟာသီလ၀ံသ စာဆိုအကျော်မထေရ်မော် ရေးသားပြုစုခဲ့သောကျမ်းများမှာ---
(၁) ပါရမီတော်ခန်းပျို့၊
(၂) ဆုတောင်းခန်းပျို့၊
(၃) တောင်တွင်းလာပျို့၊
(၄) ဗုဒ္ဓုပ္ပတ္တိပျို့၊
(၅) ထူပါရုံကျောက်စာ၊
(၆) တံတားဦးတည် မော်ကွန်း၊
(၇) ရွှေနန်းတည် မော်ကွန်း (ရွှေနန်းဘွဲ့ မော်ကွန်း)
(၈) သျှိသျှား မိတ္ထီလာကန်တော်ဘွဲ့ မောက်ကွန်း၊
(၉) ရှင်မဟာသီလ၀ံသ ဆုံးမစာ( ဆုံးမစာ စကားပုံ)၊
(၁၀) နန်းဖွင့်လင်္ကာ၊
(၁၁) ရာဇ၀သတီခန်းလင်္ကာ၊
(၁၂) ပါရာယန၀တ္ထု၊
(၁၃) ကမ္ဘာလောင်ကျမ်း၊
(၁၄) မဟာသမ္မတ၀ံသကျမ်း (ရာဇ၀င်ကျော်)
(၁၅) ဗုဒ္ဓါလင်္ကာရကျမ်း၊
(၁၆) မဟာရဟနီတိကျမ်း (ပါဠိဘာသာ)၊
(၁၇) နေတ္တိဟာရအကောက်၊
(၁၈) နေတ္တိပါဠိတော်နိဿယဟောင်း၊
(၁၉) သံဝေဂခန်းပျို့၊
(၂၀) ဓမ္မပါလပျို့-တို့ဖြစ်ပါသည်။
ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ -စသောကျမ်းဂန်များစွာကို ပြုစုစီရင်တော်မူသော စွယ်စုံတတ်မထေရ် ရှင်မဟာသီလ၀ံသ သည် သက္ကရာဇ်-(၈၈၂) ခုနှစ်၊ သက်တော်-(၆၇)နှစ်၊ သိက္ခာတော်-(၄၇) ၀ါအရ ဓမ္မပါလပျို့ကိုရေးသားပြုစုဆဲ မပြီးဆုံးသေးမီ ပျံလွန်တော်မူခဲ့လေသည်။
0 comments:
Post a Comment