skip to main |
skip to sidebar
- နာမည်ကျော် ရာဇ၀င်ထွက် ဖြစ်ရပ်တစ်ခုပင် ဖြစ်ပါသည်။
နောင်တော် သီဟသူ ပုဂံပြည် ထီးနန်းကိုယူ၍ မင်းမူသောအခါ ညီတော် နရသီဟပတေ့က ရာဇသင်္ကြံအိမ်သွား၍ “ အဘိုး ကျွန်တော့် ကို မစပါ” ဟုဆို၏ ။အမတ်ကြီးက
လည်း ‘မင်းသား၊ ငိုလိုရာတွင် လက်တို့၏ ဟူသကဲ့သို့ပင် မစိုးရိမ်နှင့်’ ဟုဆို၍ အမတ်တို့နှင့် ပူးပေါင်းကာ သီဟသူကို နန်းမှဖယ်ပြီး နရသီဟပတေ့ကို မင်းမြှောက်၏ ။
မင်းဖြစ်လျှင် ရာဇသင်္ကြံကို မပြုမစုနေသဖြင့် အမတ်ကြီး နှလုံးမသာရှိရသည်။ ‘ ရာဇသင်္ကြံ၊စိတ်စက်ခံ။ မနွံ ဘယ်မင်းသားကိုနည်း’ ဟု စွယ်စုံကျော်ထင်တွင် ဆိုပါသည်။
အများသိကြသည့်အတိုင်း ရာဇသင်္ကြံ ကွမ်းကလပ်ပဲ့ဆောင်၍ အခစားဝင်သည်။ ‘ အဘိုး။ဘာကြောင့် ကလပ်ပဲ့နှင့် ကွမ်းစားသနည်း ‘။ ‘ပန်းပွတ်သည်သားမြေးတို့
ကောင်းစား၍ ပန်းပွတ်မည့်သူ မရှိသဖြင့် ကလပ်ပဲ့နှင့်စားရပါသည် ‘။ပန်းပွတ်သည်မျိုးရိုးရှိသော ဘုရင်နှလုံးနာပြီ ။ ‘ အဘိုး ဂူထွတ်ကို ထီးတော်တင်သော်ဘယ်သို့တင်သနည်း
။ “ အရှင့်သား ငြမ်းပြု၍ တင်ရပါသည် ” ။ ‘ ထီးအထက်သို့ရောက်သော် ငြမ်းကို ဘယ်သို့ ပြုသနည်း ‘၊ အရှင့်သား ငြမ်းကိုဖျက်ရသည်။“ အဘိုး ငါကားထီး၊အဘိုးကားငြမ်း”။
ရာထူးစည်းစိမ်မှ နုတ်လျှက် ရာဇသင်္ကြံ အမတ်ကြီးအား ဒလသို့ ပို့စေသည်။ မစ္ဆဂီရိနှင့် မုတ္တမတို့ ပုန်ကန်ခြားနားကြသည်။မိဖုရားစော လျှောက်တင်သဖြင့်
ရာဇသင်္ကြံကို ပြန်ခေါ်ရသည်။
အပြန်ခရီးတွင် မိုးသက်လေပြင်းအကျ။ လှေပေါ်မှ အမတ်ကြီး ကမ်းဆီမှ မြင်ကွင်းကို ကြည့်၏ ။လေပြင်းတွင် သစ်ပင်ကြီးတို့ ဖြောင်းဖြောင်းကျိုးပဲ့ လဲကျကြ။ပန်းပြားပင်
တို့ကား မြေမှာ ပြားပြားဝပ်လျှက် မုန်တိုင်းအောက်မှာ မပြတ်မကျေ အလိုက်သင့်ရှိနေကြ။
အမတ်ကြီး မည်တမ်းသော ဟူ၏ ။
“ သြော် ငါကား ပန်းပြားပင်ကဲ့သို့ မကျင့်၊သစ်ကြီး ၀ါးကြီးများနှယ် ကျင့်ခဲ့မိသည်တကား ” တဲ့ ။
ကြိုက်မိပြန်ပါသည်။ အမတ်ကြီးရာဇသင်္ကြံ သူ၏ဘ၀ထဲမှ အသက် အိုးအိမ် စည်းစိမ်ကို ရင်းကာ ရယူလိုက်သော သင်ခန်းစာ။ သံဝေဂ မှတ်ချက်။“ ဟဲ့ သစ်ကြီး ၀ါးကြီးလို
မကျင့်ကြနဲ့၊ ပန်းပြားပင်လိုကျင့်” ဟူသော ဆုံးမစကားများ ကိုလည်း ဟုတ်ကဲ့မိပြန်၏။
ရာဇသင်္ကြံ အမတ်ကြီးသည် ခေသူမှ မဟုတ်လေဘဲ။သူပြန်ရောက်ပြီး မုတ္တမကို ချီတက်နှိမ်နင်း အောင်မြင်ခဲ့သည်။ မစ္ဆဂီရိစစ်မျက်နှာမှာ အရေးမလှဖြစ်ကာ သရေသစ္စပ
တေ့ တပ်ပျက်လာသည်ကိုလည်း ရာဇသင်္ကြံကပင် တာဝန်ယူ စစ်ချီရသည်။မစ္ဆဂီရိကို ရာဇသင်္ကြံ ပြန်ရလိုက်၏ ။လက်ရုံးစွမ်းနှင့် ပြည်သူလည်း ဖြစ်ပေသည် ။
အမတ်ကြီး ရာဇသင်္ကြန်၏ ရုပ်ပုံကို ရေးဆွဲကြည့်လိုက်သည်။ အမျက်စောင် မာန်ကြီးသော သီဟသူကို ဖယ်ရှားပစ်လိုက်ပုံ၊ နရသီဟပတေ့ နန်းရအောင် လုပ်ပေးလိုက်ပုံများ
မှာတက်ကြွ လှုပ်ရှားမှုများအပြည့် ။နရသီဟပတေ့က သူ့ကို မေ့လျှော့နေသည်တွင် ပန်းကလပ်ပဲ့ဖြင့် ဘုရင်အား ရင်ဆိုင်လိုက်ပုံကလည်း ရဲတင်းပါပေ့ ။ ဒလမှ ပြန်လာပြီး
မစ္ဆဂီရိနှင့် မုတ္တမသောင်းကျန်းမှုကို နှိမ်နင်းလိုက်ပုံကလည်း စစ်ရေးသေနင်္ဂ ပြည့်ဝသူ၏ အရည်အချင်းကို ပြဆိုသည်။( တပ်ပျက်လာသူ သရေပစ္စပတေ့အား ဘုရင်က သတ်မည်
လုပ်ရာမှာလည်း ရာဇသင်္ကြံ ပင် ၀င်၍ကယ်လိုက်သည်။ )အားရစရာကောင်းသော ဤ အရည်အချင်းများဖြင့် ပြည့်စုံသူ ရာဇသင်္ကြန်၏ ဇတ်လမ်းအစဉ်ထဲမှာ ဟိုဒလကအပြန်
မည်တမ်းရေရွတ်ခဲ့သော ဇတ်ကွက်က တစ်မျိုးကြီးဖြစ်နေသည်။ အဲဒီနေရာမှာ ရာဇသင်္ကြံ၏ ရုပ်ပုံက မှိန်ဖျော့နေသည် ။
မုန်တိုင်းအောက်မှာ ဖြောင်းဖြောင်း ကျိုးသော သစ်ကြီး ၀ါးကြီးတွေကို ကြည့်ကာ သြော် ငါမှားခဲ့သည်တကားတဲ့ ။ မုန်တိုင်း အမွှေဝယ် မြေမှာကပ်လျှက် အလိုက်သင့် ၀ပ်
စင်းနေသော ပန်းပြားပင်များကို သူထောက်ခံခဲ့၏ ။ဒါဟာ အမတ်စစ်သူကြီး တစ်ဦးရဲ့ သံဝေဂတဲ့လား ။ရာဇသင်္ကြံ၏ (ထိုနေရာကို ) ကျွန်တော်ဘ၀င်မကျ ။
ဖြောင်းခနဲ ဖြောင်းခနဲ ကျိုးသွားသော လဲသွားသော သစ်ပင်ကြီးတွေ၏ ကျဆုံးခန်းမှာ ကြက်သီးထဖွယ် လေးစားဖွယ် ။မြေမှာဝပ်လျက် ငုံ့ငိုက်ပိပြား ဖွားရရား လှုပ်ခါနေသော
ပန်းပြားပင်များကို ကြည့်ရသည်မှာ ပြုသမျှ နုရတော့မည်ဟူသော ငိုကြွေးသံများကို ကြားနေရသည် ။ လဲကျ ပျက်ဆီးသွားသော သစ်ပင်ကြီးများ၏ ကျဆုံးခန်းက လှနေသည်။
မုန်တိုင်းအစဲ၊ လွင့်ဖွာဝဲလျက်၊ ဆက်လက်ရပ်တည်နေသော ပန်းပြားပင်များ၏ ရှင်သန်မှုက အရုပ်ဆိုးနေသည်။
လောကဓံအပေါ် ရာဇသင်္ကြံ ရှု့မြင်သုံးသပ် လိုက်ပုံက မကြိုက်နိုင်ကြောင်းကို တွေ့လာရပြန်သည်။ကြံ့ခံလျက် ပျက်ဆီးမှုနဲ့ ယိမ်းနွဲ့လျက် ရှင်သန်မှု၊ လဲကျ ကျိုးကြေသွား
သော သစ်ကြီးဝါးကြီးများကို လေးစားစွာ ဦး ညွတ်မိချိန်၌ ဟို ကြဲဖွာစွာ ရှင်သန်နေသေးသည့် ပန်းပြာပင်များကိုတော့ သူတို့ ကိုယ်စား ရှက်နေမိသည်။ နောက်ထပ်မုန်တိုင်း
များကိုလည်း ပန်းပြားပင်တို့ ဤနှယ်ပင် အလိုက်သင့် တိမ်းညွတ် ငုံ့ငိုက်ပေးကြဦးမည် ဖြစ်သည်။ ရှက်ဖွယ်။
ရှင်သန်နေမှုထက် ပို၍ အရေးကြီးသော အရာများ ရှိသေးသည်။ ရှင်သန်မှုကို ဆက်လက်ဖြစ်ပေါ်နေအောင် အားထုတ်ရာမှာ ဘယ်ပုံဘယ်နည်း အားထုတ်သလဲဆိုတာက ပို
အရေးကြီးသည်။လဲကျကျိုးကြေသွားခြင်းဆိုတာ ရှင်သန်မှုနှင့်စာလျှင် မရွေးချယ်စကောင်းသော အရာဖြစ်သော်လည်း ဘယ်ပုံဘယ်နည်း လဲကျကျိုးကြေသွားသလဲဆိုတာက ပို
အရေးကြီးသည်။
မုန်တိုင်းအောက်မှာ သစ်ကြီး ၀ါးကြီးတိုင်း ကျိုးကြေလဲကျသလော။ ပန်းပြားပင်တိုင်း ရှင်သန်သလော။အမတ်ကြီး ရာဇသင်္ကြံသဘောထားပုံမှာ လျှော့လွန်းသည်ဟု ထင်၏
သြော် သူ့ဘ၀နဲ့ရင်းပြီး ရယူခဲ့တဲ့ သင်ခန်းစာပေပဲဟု ခွင့်လွှတ်ချင်သော်လည်း ရာဇသင်္ကြံလိုအမတ်ကြီးတစ်ဦးထံမှ သည့်ထက်ပို၍ကောင်းသော အတွေးအခေါ်ကို ကြားချင်
သည်။
“ ရာဇသင်္ကြံနေရာမှာ မင်းကိုယ်တိုင်ဆိုရင်ကော ”
ထူးဆန်းသော အတွေးလက်နတ်သည် ၀ဲဝိုက်ပြန်လှည့်ကာ မိမိထံ ချိန်ရွယ်ပျံသန်းလာ၏ ။ ကျွန်တော်သာဆိုရင် ။
တစ်ခုခု ပြန်ပြောဖို့ အချိန်မရမီမှာပင် လက်နက်အသွားက ထိုးဝင်လာသဖြင့် ရှောင်တိမ်းပစ်လိုက်သည်။ ထူးဆန်းသော ထိုလက်နက်သည် မိမိကိုတော့ ထိခိုက်ခြင်း မရှိပါ ။
သို့သော် ရှောင်ပေးလိုက်သော လေဟာနယ်ကို ဖြတ်လျက် ဟိုအဝေးဆီ ဆက်လက် ပျံသန်းသွားလေသည် ။
သက်သာရာရသွားသော အတ္တသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်းကနေ မအီမသာကြီး ဖြစ်နေပြန်တော့သည်။
ချစ်ဦးညို ***လောကဓံနှင့် လမ်းလျှောက်အတူထွက်ခြင်း စာအုပ်မှ ကူးယူဖော်ပြပါသည်။(အတွေးအမြင်မှ ကူးယူဖော်ပြပါသည်။)
0 comments:
Post a Comment