တစ်ရံရောအခါ မြတ်စွာဘုရားသည် သံသုမာရဂိရိမြို့သို့ ကြွရောက်တော်မူလေသည်။ ထိုအခါ ဗောဓိမင်းသားသည် လုလင်တစ်ယောက်နှင့် မြတ်စွာဘုရားထံသို့လာ၍ ချမ်းသာသုခမည်သည်ကို ဒုက္ခနှင့်ရင်းမှ ရနိုင်သည်ဟုထင်မိပါကြောင်း လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက မှန်ပေတယ်
မင်းသား-ဟု မိန့်တော်မူ၍ ဘုရားအဖြစ်ဟူသော သုခကိုရခြင်းငှာ ခြောက်နှစ်ပတ်လုံး ကျင့်ရသော ဒုက္ကရစရိယ ဒုက္ခကို အကျယ်အားဖြင့် ဟောတော်မူလေသည်၊ ဒေသနာအဆုံး၌ ဗောဓိမင်းသားသည် “အဘိက္ကန္တံ ဘန္တေ” အစရှိသော စကားဖြင့် ဒေသနာတော်ကို ကြည်ညိုချီးမွမ်းလေ၏၊ သရဏဂုံကိုမဆောက်တည်။ ထိုအခါလုလင်က အရှင်မင်းသားသည် သည်လိုချည်းလုပ်သည်၊ ဒေသနာတော်ကိုသာ ကြည်ညိုချီးမွမ်းတယ်၊ သရဏဂုံကိုတော့ မဆောက်တည်ဘူးလို့ပြောလေ၏။ ထိုအခါ လုလင်က-ငါကား သရဏဂုံ ဆောက်တည်ရန်မလို၊ မိခင်ဝမ်းထဲ၌ ပဋိသန္ဓေတည်စဉ်အခါ ငါ၏ မိခင်သည် မြတ်စွာဘုရား အထံတော်သို့ရောက်၍ သရဏဂုံ ဆောက်တည်သော အခါ မိမိအတွက်တစ်ကြိမ်၊ ငါ့အတွက် တစ်ကြိမ် ပေါင်း နှစ်ကြိမ်ဆောက်ခဲ့လေသည်၊ ထို့ကြောင့် ငါသည် မဖွားမီကပင် သရဏဂုံတည်ပြီးဖြစ်သည်ဟု မြတ်စွာဘုရားရှေ့တော်၌ လုလင်အား ဗောဓိမင်းပြောကြားလေသည်။ ယခုအခါ၌ သဒ္ဓါပညာရှိကြသော မာတုဂါမတို့လည်း မိမိဝမ်း၌ ကိန်းသော သူငယ်၏ ဘုန်းကြီးသက်ရှည်စေခြင်းငှာ အတုခိုးဘို့ကောင်းပါသည်။ ဤ၀တ္ထုကိုထောက်၍ လူတို့ သရဏဂုံမည်သည် ရတာနာ သုံးပါးကို အထွက်အမြတ်-ဟု ယုံကြည်၍ သိ၍ ငါ၏ကိုးကွယ်ရာတည်း-ဟု စိတ်ဖြစ်၍နေလျှင် ထိုသူ၌ သရဏဂုံတည်ပါသည်၊ ထိုစိတ်ကို မစွန့်သေးသမျှကာလပတ်လုံး ဘယ်သူကိုပင် ဆင်းကပ်ကိုးကွယ်သော်လည်း သရဏဂုံပျက်သည်မဟုတ်ပါ။
0 comments:
Post a Comment