ရှင်ဥတ္တမကျော်
ရှင်ဥတ္တမကျော်သည် အင်းဝခေတ်တွင် ထင်ရှားကြော်ကြားသော စာဆိုတော်တစ်ပါးဖြစ်၏။
သက္ကရာဇ်-၈၀၀ ပြည့်နှစ်အတွင်း၌ တောင်တွင်းကြီးမြို့တွင့် ထူးကဲစွာ တဘောင်ပေါ်လာခဲ့
သည်။ ထိုတဘောင်ကား--
“ဘုရားရှစ်သောင်း၊လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခဏ်သည်၊ သံတောင်ဖြိုး
မြင့်၊စွင့်လိမ့်လေ။အကိုက်လေးဘော်၊မြေမှပေါ်သော်၊ရှင်ကျာ်လေးဦး၊ခူးလိမ့်လေ။ ခူးလည်းခူးလတ္တံ့၊ကူးလည်းကူးလတ္တံ့၊စူးလည်းစူးလတ္တံ့၊မြူးလည်းမြူးလတ္တံ့၊ ရနံ့ငယ်ကြိုင်လှိုင်၊မွှေးပျံ့ဆိုင်၊နှစ်ခိုင်ပွင့်လန်း၊ပြည့်သူပန်း။” ဟူ၍ဖြစ်သည်။
ထိုတဘောင်ပေါ်လတ်သော် ရှေ့ရေးနောက်ရေး မြော်ထောက်တွေးလေ့ရှိကြကုန်ုသော သက်ကြီးရွယ်ရင့်တို့သည် တောင်တွင်းကြီးမြို့ရဲ့ မြောက်ဘတ်ယွန်းယွန်းတွင်ရှိသောငှက်
ပစ်တောင်၏ အရှေ့ဖတ် တစ်ခေါ်ခန့်အကွာ ထူပါရုံအာရာမ်အနီး တောင်တွင်းကြီးမြို့စား သီဟပတေ့ကြိးဆောက်လုပ်လှူဒါန်းထားသောရတနာ့ဗိမာန်ကျောင်းတွင်(မှတ်ချက်-ထို ရတနာဗိမာန်ကျောင်းကိုပင်’ဗိမာန်လေး’ဟူ၍ခေါ်ပြီးမြို့တောင်မျက်နှာရှိ’ရတနာဗိမာန်’ကား’ဗိမာန်ကြီး’ဟူ၍ခေါ်ပါသည်။ထို့ကြောင့် တောင်တွင်းကြီးမြို့၌’ရတာဗိမာန်ကြီး၊ရတာနာဗိမာန်လေး’ဟူ၍ကျောင်းတိုက်နှစ်တိုက်ရှိကြောင်းမှတ်ယူနိုင်ပါသည်။ ထိုကျောင်းတိုက်အားလုံးကို’သီလာစာရာဘိဓဇ’ဘွဲ့ခံနတ်မီးလင်းဆရာတော်ကြီးက ပိုင်ဆိုင်တော်မူပါသည်။) သီတင်းသုံးတော်မူနေ၍ငှက်ပစ်တောင်ဆရာတော်ဟူ၍လည်းကောင်း၊ ထူပါရုံဆရာတော်ဟူ၍လည်းကောင်း၊နတ်မီးလင်းဆရာတော်ဟူ၍လည်းကောင်း ကျော်စောထင်ရှားလျက်ရှိသည့် ဘွဲ့တော်”ရှင်သီလာစာရာဘိဓဇ’ဘွဲ့ခံ ဆရတော်ဘုရားကြီးအထံသို့ သွားရောက် လျှောက်ထားမေးမြန်းကြကုန်၏။ ထိုအခါ ပညာဗဟုသုတနှင့်ပြည့်စုံသော ဆရာတော်ကြီးက တဘောင်၏အဓိပ္ပါယ်အရကောက်ကို အကျယ်တ၀င့် ရှင်းလင်းဖြေဆိုတော်မူပြီးလျှင် အဓိပ္ပါယ်အကျယ်ကို မှတ်သားနားလည်ရန် ခတ်ခဲသည့် အတိုကြိုက် ဒါယကာများအတွက်ကိုကား’ယခုကစ၍ ရှေ့သို့ကို မကြာမီ ငါတို့တောင်တင်းကြီးမြို့ဒေသ၌’ ပေးလေးပင် ရှင်လေးပါး’ ပေါ်လိမ့်မည်ဟု အတိုကောက်မှတ်ကြလေဟု မိန့်တော်မူခဲ့သည်။ ထိုအချိန်မှစ၍ “ပေလေးပင် ရှင်လေးပါး”ပေါ်ချိန့်-ဟုတောင်တွင်ကြီးတစ်မြို့လုံး အုန်းအုန်းကျွတ်ကျွတ် ဖြစ်၍နေလေတော့သည်။ ထိုတဘောင်ပေါ်၍ (၁၅)နှစ်မျှကျော်လွန်ပြီးနောက် သက္ကရာဇ်-၈၁၅ ခုနှစ်သို့ရောက်သောအခါ တောင်တွင်းကြီးမြို့မြောက်ဖတ် မြို့လုလင်အမည်ရှိသောရွာကြီး၏အနီး နားဋောင်းကျရွာ၊ ၀တ်ချင်းကန်ရွာ၊သတိုးထမ်းရွာ၊မန်ကျည်းယောင်ရွာ-တို့၌ ပုဗ္ဗနိမိတ်အဖြစ် ပေစို့ကြီးလေးစို့ ထူးခြားစွာမြေမှပေါ်ထွက်လာလေ၏။ မြို့သူမြို့သားအပေါင်းတို့သည်လည်း နှစ်ထောင်းအားရ ၀မ်းမြောက်ခြင်းဖြစ်ကြကုန်၏။ ထို့နောက် များမကြာမီ ထိုသက္ကရာဇ်-၈၁၅-ခုနှစ်အတွင်းမှာပင် မြို့လုလင်ရွာ၏ အရှေ့ပိုင်း၌ အဘဦးသောကြာ၊အမိဒေါ်နှင်းဆီတို့မှ တနင်္ဂနွေသားဖြစ်သော ငယ်နာမည်’မောင်ဥက္ကာ’ဆိုသူကိုဖွားမြင်ခဲ့လေ၏။ ထိုသူငယ်ကား နောင်အခါ၌’ရှင်ဥတ္တမကျော်’ဖြစ်မည့် သူငယ်ပင်ဖြစ်၏။ မောင်ဥက္ကာ ဖွားမြင်သည့်နေ့ရက်မှာပင် သတိုးထမ်းရွာ၌ မောင်ဥက္ကာနှင့် အချိန်နာရီမျှသာကွာခြားပြီး အဘဦးအေး+အမိဒေါ်ထွေးတို့မှ ငယ်နာမည်’မောင်အံ့ကြီး’ခေါ် ‘ရှင်းအုန်းညို’လောင်းလျာကို ဖွားမြင်ခဲ့၏။ မောင်ဥက္ကာနှင့်မောင်အံ့ကြီးတို့ကို မွေးဖွားပြီး (၆)ရက်မြောက်သောနေ့တွင် မောင်ဥက္ကာကို ဖွားမြင်သော မြို့လုလင်ရွာ၏ အရှေ့ပိုင်းအရပ်တွင်ပင် အဘဦးကြည်+အမိ(နတ်ထိန်းကြီး)ဒေါ်ဒွေးတို့မှ သောကြာသားဖြစ်သော ငယ်နာမည်’မောင်ညို’ခေါ် ‘ရှင်မဟာသီလ၀ံသ’လောင်းလျာကို ဖွားမြင်တော်မူခဲ့၏။ ထို့ကြောင့် ရှင်ဥတ္တမကျော်နှင့် ရှင်မဟာသီလ၀ံသတို့သည် တစ်မြို့တည်း,တစ်ရွာတည်း,တစ်ရပ်တည်း,တစ်နှစ်တည်း,တစ်လတည်း,(၆)ရက်ကြီး(၆)ရက်ငယ်ဖွား အိမ်နီးနားချင်းများဖြစ်ကြကုန်၏။ မောင်ညိုခေါ် ရှင်မဟာသီလ၀ံသလျောင်းလျာကို ဖွားမြင်ပြီး (၄)ရက်မြောက်သောနေ့တွင် တောင်တွင်းကြီးမြို့ ရွှေအိုးရရပ်၌ အဘဦးချမ်း+အမိဒေါ်လေးတို့မှ’မောင်အံ့ကလေး’ခေါ်’ရှင်ခေမာ’လောင်းလျာကို ဖွားမြင်တော်မူခဲ့သည်။ ရှင်အုန်းညို၏ငယ်နာမည်ကို ‘မောင်အံ့ကြီး’ဟု မှည့်သကဲ့သို့ ရှင်ခေမာ၏ငယ်နာမည်ကိုလည်း’မောင်အံ့လေး’ဟုမှည့်ခေါ်ခြင်းဖြစ်လေသည်။ ဥာဏ်ကောင်းသောပြီး ထက်မြတ်သော မောင်ဥက္ကာနှင့်မောင်ညိုတို့သည် တစ်မိသားချင်းများအလား သွားအတူ,စားအတူ,ကစားအတူဖြင့်နေလာခဲ့ကြရာမှ ခုနစ်နှစ်သားအရွယ်သို့ရောက်လာသောအခါ မိဘများ၏လျှောက်ထားအပ်နှံမှုကြောင့် ရတနာဗိမာန်ကျောင်း နတ်မီးလင်းဆရာတော် အရှင်သီလာစာရာဘိဓဇ မဟာထေရ်ထံတော်တွင် စာပေသင်ကြားစ ပြုကြကုန်၏။ ဤသို့လျှင် ခုနစ်နှစ်သားမှစ၍ စာပေပညာကို ကြိုးစားသင်ယူလာခဲ့ရာ မောင်ဥက္ကာ (၁၀)နှစ်သား အရွယ်သို့ရောက်သောအခါ ဥာဏ်ထက်မြတ်သူဖြစ်သည့်အားလျော်စွာ ဇာတ်ကြီးဆယ်ဖွဲ့ကုန်ဆုံးခဲ့လေ၏။ (၁၂)နှစ်သားအရွယ်သို့ ရောက်သောအခါ သဒ္ဒါကြီးရှစ်စောင်ကို သုတ်ပြီး,ရုပ်ပြီး,ဓာတ်ပစ္စည်းများတကွ လက်သန်းအဋ္ဌကထာတို့ကိုလည်းရှင်းလင်းနိုင်ခဲ့လေသည်။ မောင်ဥက္ကာ (၁၄)နှစ်သားအရွယ်တွင် အဘိဓမ္မတ္ထဘာဝနီခေါ် ကျမ်းကြီးနှင် အဋ္ဌသာလိနီအဋ္ဌကထာကို ရတန်သမျှသော အာဂုမ် အာဂမ သဘာဝယုတ္တိ ကျမ်းရိုးကိုမိသဖြင့် လှည့်ရွတ်ပြန်ဆိုနိုင်သည့်တိုင်အောင် သင်ကြားတတ်မြောက်ခဲ့လေသည်။ သာသနာသက္ကရာဇ်-၂၀၁၂-ခု၊ကောဇာသက္ကရာဇ်-၈၃၀-ခုနှစ်၊မောင်ဥက္ကာ အသက်(၁၅)နှစ်သို့ ရောက်သောအခါ နတ်မီးလင်းဆရာတော်ကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယနုဂ္ဂဟကိုခံယူလျက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့၏။ ဘွဲ့တော်ကား တနင်္ဂနွေသားဖြစ်သည့်အလျောက်”ရှင်ဥတ္တမ’ဟု ဘွဲ့အမည်တွင်လေ၏။ ရှင်ဥတ္တမသည် သာမဏေဘ၀ဖြင့်ပင် နတ်မီးလင်းဆရာတော်အထံတော်၌ အခြေခံသင်ရိုးကျမ်းများဖြစ်သော သဒ္ဒါ၊သင်္ဂြိုဟ်၊ဆန်း၊အလင်္ကာ၊အဘိဓာန်၊သဒ္ဒါငယ်-စသောကျမ်းများကို ဆည်းပူးသင်ကြားခဲ့ပြီး ပါဠိတော်၊အဋ္ဌကထာ၊ဋီကာ၊နှင့်ကျမ်းများစွာကိုလဲသင်ကြားတတ်မြောက်တော်မူခဲ့၏။ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ဓာတ်ကျမ်း၊နက္ခတ်၊သက္ကတကျမ်း-စသည်တို့ကိုလည်းဆည်းပူးလေ့လာ သင်ယူခဲ့သည့်အပြင် သမိုင်းရာဇ၀င်များပါ မကျန်အောင် ပါရဂူမြောက်တတ်မြောက်ကျွမ်းကျင်ခဲ့လေ၏။ ထို့ပြင် ပျို့၊ကဗျာ၊ လင်္ကာ၊ရတု၊ရကန်-စသည်တို့ကိုလည်း ထူးကဲလွန်မြောက်စွာ လေ့လာတတ်ကျွမ်းတော်မူလေ၏။ တစ်ခါသော သာမဏေရှင်ဥတ္တမသည် ကထိန်သင်္ကန်းကပ်မည့်နေ့၌ ဆရာတော်၏ အခန်းတွင်း ညောင်စောင်းပေါ်တွင်တင်ထားသော ကထိန်အမေးအဖြေ ပုရပိုက်နှစ်ဆူပေါ်တွင် “ဣတ္ထိဗီဇံ အဟံ ၀န္ဒာမိ” ဟု ကန့်ကူဆံဖြင့် ထင်ထင်ရှားရှာင်း ရေးသားထားလေ၏။ ကထိန်ခင်းမည်လုပ်သောအခါ ကထိန်အမေးအဖြေပုရပိုက်နှစ်ဆူပေါ်မှ အဆိုပါစာသားကိုတွေ့မြင်ရ၍ ကျောင်းသား ကိုရင်အားလုံးတို့အား ခေါ်ယူစစ်ဆေးရာ သာမဏေရှင်ဥတ္တမ၏ လက်ချက်ဖြစ်ကြောင်း သိရှိရလေ၏။ ထိုအခါ နတ်မီးလင်းဆရာတော်သည် သံဃာတော်တို့၏အလယ်၌ အလွန်ပင် ရှက်စနိုးတော်မရကား ရှင်ဥတ္တမအား အဘယ်ကြောင့် ညစ်ညမ်းစွာသောစကားကို ဤကထိန်အမေးအဖြေ ပုရပိုက်မျက်နှာဖုံးပေါ်၌ ရေးထားဘိနည်းဟု စစ်ဆေးမေးမြန်းသောအခါ ရှင်ဥတ္တမက တပည့်တော်ရေးသားသည်ကား သိက္ခာပုဒ်ငြိလောက်သော ညစ်ညမ်းယုတ်မာသည့်စကားမျိုးမဟုတ်ပါ။ တပည့်တော်၏ရေးသားရင်းအာဘော်မှာ ဘုရားရှိခိုးပြုလုပ်ရန် ရေးသားစီကုံးခြင်းပါဠိဖြစ်ပါသည်ဟု ပြန်လည်လျှောက်ထားသောအခါ ဆရာတော်သည် “ယုတ်မာညစ်ညမ်းသောစကားမျိုးဖြင့် ရေးသားထားသည်ကို ငါကိုယ်တိုင်မြင်ပါလျက်နှင့်ပင် ဘုရားရှိခိုးပြုလုပန်ရန် ရေးစီသောပါဠိဖြစ်ပါသည်-ဟူ၍ ငါ့အား မထီလေးစား ထပ်မံလျှောက်ထားခြင်းကို ပြုပြန်ရသလော”ဟု သာ၍ပင် စိတ်ဆိုးတော်မူကာ ရှင်ဥတ္တမ၏ကျော်ပေါ်တွင် တောင်ဝှေးပြုလုပ်သောကြိမ်ကိုတင်၍ “သင်ရေးသောဘုရားရှိခိုးစာဆိုသည်ကို သင်ပင် အနက်ဖြန်ဆို၍လျှောက့်လော့” ဟု မိန့်တော်မူလေ၏။ ထိုအခါ သာမဏေရှင်ဥတ္တမသည် “ဣတ္ထိဗီဇံ အဟံ ၀န္ဒာမိ”ဟူသော ပါဠိကို အောက်ပါအတိုင်း အနက်ပေးလေ၏..။။
“ဣတ္ထိဗီဇံ=မိန်းမတကာတို့၏ဦးအောင်းပန်း,သုဒ္ဓေါဒနမင်းကြီး၏ရွှေနန်းဝယ် ရေဖျန်းလင်္ကျာတောင်ညာတင်ထား သီရိမဟာမာယာဒေ၀ီမိဖုရားကြီး၏၀မ်း၌ ကိန်းပိုက်သန္ဓေ စံနေတင့်အပ် လူတို့ဥက္ကဌ် လောင်းလျာနတ်တစ်ဆူ ဖြစ်တော်မူသည့်နှင်အညီ ရွှေဆင်းတုအတူဣနြေ္ဒတော်ယူလျက် သရဖူဆောင်း မင်းအပေါင်းတို့ထက် မြတ်တော်မူသော သိဒ္ဓတ်မင်းသားတည်းဟူသော ဘုရားမျိုးစေ့ကို၊ အဟံ=အကျွန်ုပ်သည်၊ ၀န္ဒာမိ=ရှိခိုးပါ၏။ ထို့သို့ “ဣတ္ထိဗီဇံ အဟံ ၀န္ဒာမိ”ဟူသောပါဌ်ကို အနက်ပြန်ဆိုပြလိုက်သောအခါ ဆရာတော်က “ဟဲ့ မောင်ရှင် -သင် ယခုပေးသောအနက်သည် ရိုက်အပ်သောဒါဏ်မှ ချမ်းသာရစေခြင်းငှာ သင်အလိုရှိရာသို့ ဆွဲ၍ပေးသော အနက်စကားသာဖြစ်သည်။ စင်စစ်အားဖြင့် ပုဒ်ရင်းအနက်ထွက်လာသည် မဟုတ်၍ထွေးရှုပ်ခြင်းရာ ကြိယာမသတ် တုလျတ္ထစာသွားကို ငါ့အား နင် မကြောက်၍သာ ထင်သလို လျှောက်သလော”ဟု မေးတော်မူပြီးလျှင် ရိုက်နက်မည်လုပ်သောအခါ ကထိန်အစည်းအဝေးရှိ ဆရာတော် သံဃာတို့က နတ်မီးလင်းဆရာတော်အား သည်းခံတော်မူပါရန်နှင့် သာမဏေရှင်ဥတ္တမအား ချမ်းသာပေးတော်မူပါရန် လျှောက်ထားဆဲတွင် သာမဏရှင်ဥတ္တမက ထို”ဣတ္ထိဗီဇံ အဟံ ၀န္ဒာမိ” ဟူသောပါဌ်ကို ဥပမာအနေအားဖြင့် ဘုရားဟောပါဠိတော်အရာကဲ့သို့ထားတော်မူပြီး အဋ္ဌကထာဖွင့်ဟန်ဖြင့်လည်းကောင်း၊ ဋီကာဖွင့်ဟန်ဖြင့်လည်းကောင်း အတတ်၊အထွက်နှင့်တကွ ရေးသားဖွင့်ဆိုပါမည့်အကြောင်း လျှောက်ထားလိုက်ပြီးလျှင် လျှောက်ထားသည့်အတိုင်းလည်း အဋ္ဌကထာသွား၊ ဋီကာသွားတို့ဖြင့် ၀ါကျအနက်ပုဒ်မပျက်စေပဲ သဒ္ဒါသွား၊ သဒ္ဒါလာ အနေအထားမှန်ကန်စေလျက် အကျယ်တ၀င့်ဖွင့်ဆိုပြီး အနက်မြန်မာကိုလည်း ပြန်ဆိုပြလိုသော အခါ ဆရာတော်သံဃာတော်အားလုံးတို့က သာဓုအနုမောဒနာပြု၍ ချီးမွမ်းတော်မူကြနု၏။ သာသနာတော်သက္ကရာဇ်-(၂၀၁၇) ခုနှစ်၊ ကောဇာသက္ကရာဇ်-(၈၃၅) ခုနှစ်၊ ရှင်ဥတ္တမ သက်တော် (၂၀) ပြည့်သောအခါ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ထိုနှစ်အတွင်းမှာပင် “ပေးလေးပင် ရှင်းလေးပါး” အပါအ၀င်ဖြစ် တော်မူကြသော ရှင်မဟာသီလ၀ံသ၊ ရှင်အုန်းညို၊ ရှင်ခေမာ၊ တို့သည်လည်း အထက်တန်းရဟန်းအဖြစ်သို့ ရောက်ရှိတော်မူကြကုန်၏။ ရှင်မဟာသီလ၀ံသ သည် သက္ကရာဇ်-(၈၅၅) ခုနှစ်တွင် အင်းဝရွှေမြို့တော်သို့ကြွရောက်တော်မူခဲ့သော်လည်း ရှင်ဥတ္တမကား အင်းဝဘုရင် ဒုတိယမင်းခေါင်နှင့် သားတော်ရွှေနန်းကြော့ရှင်တို့က ကျောင်းဆောက်၍ လှူဒါန်းပါလျက် အလှူခံတော်မမူပဲ မိမိပျော်မွေ့ရာ တောကျောင်း၌သာ ဧကစာရီတစ်ပါးတည်း သီတင်းသုံးတော်မူ၏။ ရှင်ဥတ္တမသည် ငယ်ပေါင်းစာသင်ဖတ် ရှင်မဟာသီလ၀ံသ အင်းဝသို့ကြွတော်မူပြီးနောက် (၄)နှစ်မျှအကြာ သက္ကရာဇ်-(၈၅၉) ခုနှစ်သို့ ရောက်သောအခါ အင်းဝသို့ ကြွတော်မူလေ၏။ ထို့သို့ ကြွတော်မူလာခြင်းကား ရှင်မဟာသီလ၀ံသကဲ့သို့ ကျောင်းထိုင်ရန် မဟုတ်ပါချေ။ မာန်စွယ်ထောင်နေသော ခုံတော်မောင်ကျဘမ်းအား ဆုံးမှနှိပ်ကွပ်တော်မူလိုသော အကြောင်းထူးတစ်ရပ်ကြောင့် ကြွရောက်တော်မူလာခြင်းဖြစ်၏။ ထိုအချိန်က ခုံတော်မောင်ကျဘမ်းသည် ရဟန်းတော်များအား မိမိအနားသို့ မကပ်ရဲအောင်လောက်အောင်ပင် မေးအမြန်းထူးပြောလှ၏။ ဆက်ဆံရာ၌လည်း ပမာမခန့် အရိုအသေကင်းမဲ့စွာ ခက်ထန်မောက်မာလှပေသည်။ ထိုသို့သောအခြင်းအရာကို တောကျောင်း၌ ဧကစာရီတစ်ပါးတည်း ပျော်မွေ့နေတော်မူသော ရှင်ဥတ္တမသည် ခုံတော်မောင်ကျဘမ်း၏ အကြောင်းစုံကို ကြားသိတော်မူရသောကြောင့်ပင်လျှင် အင်းဝသို့ ကြွတော်မူလာရခြင်းဖြစ်ပေသည်။ ရှင်ဥတ္တမသည် တောကျောင်းဆရာတော်ပီပီ သစ်ခေါက်ဆိုး အရောင်ညစ်ညစ်မည်းမည်း သင်းပိုင်တော်ကို ဒူးအောက်လက်ရှစ်သစ်၊ ဧကသီအပေါ်ဝတ်ရိုကို ဒူးအောက်လက်လေးသစ် သိက္ခာပုဒ်တော်နှင့်အညီ ၀တ်ရုံတော်မူပြီး တောထွက်ကိုယ်တော်ကြီးပမာ အင်းဝသို့ကြွတော်မူခဲ့ရာ ခုံတော်မောင်ကျဘမ်း ဘုရားရင်ပြင်တော်တွင် တံမြတ်လှည်းနေသည့်နေရာသို့ နံနက် (၁၀)နာရီသာသာမျှ အချိန် ကြွလာတော်လေ၏။ ရှင်ဥတ္တမက “ဒကာကြီး”ဟု အသံပြုလိုက်သည်နှင့် မထီလေးစား ပမာမခန့်သောလေသံဖြင့် “ဘာလဲ” ဟု ခုံတော်မောင်ကျဘမ်းက ပြန်ပြောလေ၏။ ထိုအခါ ရှင်ဥတ္တမက “ဒကာကြီး-ဒကာကြီးတို့မြို့မှာ ဆွမ်းဖိတ်ချင်ပါသည်။ ဆွမ်းဖိတ်ရ လွယ်ပါ့မလား”ဟု မေးမြန်းတော်မူရာ ခုံတော်မောင်ကျဘမ်းက လှည့်၍ပင်မကြည့်ပဲ “သာသနာတော် နေလို၊ လလိုထွန်းကားနေသည့် မင်းနေပြည်ကြီးမှာ မည်သည့်အိမ်တက်တက် ပါးရိုက်ပြီး ဆွမ်းဖိတ်လျင်တောင် ရနိုင်သည်” ဟု အရိုအသေကင်းမဲ့စွာ မခန့်လေးစားဖြင့် ပြန်လျှောက်ထားဖြေဆိုလေ၏။ ထိုအခါ ရှင်ဥတ္တမသည် မည်သို့မျှ ပြန်လည်မိန့်ကြားတော်မမူပဲ ခုံတော်မောင်ကျဘမ်း၏ အိမ်သို့ မေးမြန်းစုံစမ်းပြီး ကြွသွားတော်မူ၏။ အိမ်သို့ရောက်လျှင်”ဟဲ့ ဒကာမ-ဆွမ်းစားလိုသည် ဆွမ်းချက်ကပ်စမ်း”ဟု ခုံတော်မောင်ကျဘမ်း၏ ဇနီးသည်ကို ပါးရိုက်ပြီး ဆွမ်းချက်ခိုင်းလေ၏။ ရှင်ဥတ္တမကား အိမ်ရှေ့ အိမ်ဦးခန်းသို့ကြွရောက်ကာ ဆိတ်ဆိတ်နေတော်မူလေ၏။ ဘာသာ၊ သာသနာ အလွန်ထွန်းကားသော ခေတ်ကာလဖြစ်၍ ခုံတော်မောင်ကျဘမ်း၏ ဇနီးသည်လည်း မည်သို့မျှပြန်လည် လျှောက်ထားခြင်းမပြုရဲပဲ မျက်ရည်စက်လက်နှင့် မီးဖိုချောင်ထဲတွင် ဆွမ်းချက်၍နေလေ၏။ များမကြာမီ ခုံတော်မောင်ကျဘမ်းသည် မိမိအိမ်သို့ ပြန်ရောက်လာသောအခါ ဘုရားရင်ပြင်တော်ပေါ်တွင် တွေ့ခဲ့ရသော ရဟန်းတော်မှန်းသိ၍ “ဟဲ့ နင့်လင်ကို အမြန်ဆွမ်းကပ်လိုက်” ဟု ငေါက်ငန်းပြောဆိုပြီး ဆွမ်းကပ်စေ၏။ ရှင်ဥတ္တမသည် ဆွမ်းစားပြီးနောက် ခုံတော်မောင်ကျဘမ်း၏ ဇနီးသည်အား “နင့်ယောက်ျားက ငါ့ကို လင်-ဟု ပေးစားပြီးပြီ၊ လာ-သွားစို့” ဟုဆိုကာ လက်ကိုကိုဆွဲ၍ ခေါ်ငင်လေ၏။ သူဆွဲလိုက်၊ ကိုယ်ဆွဲလိုက်နှင့် အိမ်နီးပါးချင်းများ ၀ိုင်းအုံလာ၍ ပြေငြိမ်းအောင်ဖြစ်ဖြေပြောပါမှ အေးငြိမ်းသွားကြ၏။ ရှင်ဥတ္တမသည် စာသင်ဖက် ငယ်ပေါင်းကြီဖော် ရှင်မဟာသီလ၀ံသ သီတင်းသုံးတော်မူရာကျောင်းသို့ ကြွတော်မူပြီး အကျိုးအကြောင်း ရှင်းပြလျှောက်ထားကာ သင့်ရောက်ခဲ့သည့်အာပတ်များ ပြေပျောက်စေရန် သိမ်ဝင်၍ အာပတ်များ ဆေးကြောတော်မူလေ၏။ ၀တ်များလည်း ဆောက်တည်တော်မူလေ၏။ ခုံတော်မောင်ကျဘမ်းသည် အသည်းကျွဲခတ်သည့်ပမာ ယမ်းပုံမီးကျဖြစ်ကာ သာသနာ့ခုံရုံးသို့ ဦးတိုက်လျှောက်ထားလေသည်။ စောဒကဖြစ်သူ ခုံတော်မောင်ကျဘမ်း၊ စုတိဒကဖြစ်သူ ရှင်ဥတ္တမတို့ စုံလင်ကြသောအခါ ရဟန်းပရိသတ်၊ လူပရိသတ်တို့၏ ရှေ့မှောက်၌ အခြေအတင် ပြောဆိုချေပ လျှောက်ထားကြကုန်၏။ ရှင်ဥတ္တမက “ပါးရိုက်၍ ဆွမ်းဖိတ်လျှင် ရနိုင်ကြောင်း၊ နင့်လင်ကို ဆွမ်းအမြန်ချက်ကျွေးလိုက်-ဟု ပေးစား၍ သူ၏ ဇနီးကို ဆွဲငင်ရကြောင်း၊ တကာမကို ပါးရိုက်၊ ဆွဲငင်၍ သင့်ရောက်သော အာပတ်များကိုလည်း ကုစားဆေးကြောပြီးဖြစ်၍ အာပတ်စင်ကြယ်သောရဟန်းဖြစ်ကြောင်း” တို့ကို ကျမ်းဂန်အကိုးအကားများနှင့်တကွ တင်ပြလျှောက်ကြားလေ၏။ ထိုအခါ ခုံတော်မောင်ကျဘမ်းသည် မည်သို့မျှ ပြန်ကြားလျှောက်ထားခြင်း မပြုနိုင်တော့ပဲ “ဠင်းတကြီး မှိုင်၍ ငိုင်နေသည့်ပမာ” ခေါင်းငိုက်စိုက်ချလျက်သာ နေလေတော့၏။ လာရောက်၍ ကြည့်ရှု့နားထောင်နေကြကုန်သော ရဟန်း၊ ရှင်၊ လူ ပရိသတ်အပေါင်းတို့က ခုံတော်မောင်ကျဘမ်း ငိုင်ကျသွားအောင် ပြောဆိုနှိပ်ကွပ်နိုင်သော ရှင်ဥတ္တမအား “ ကျော်ရော့ဟ၊ ကျော်ရော့ကိုယ်တော်” ဟုပြောဆိုချီးမွမ်းကြကုန်၏။ ထိုအချိန်အခါမှစ၍ ‘ရှင်ဥတ္တမ’ ဟူသော ဘွဲ့တော်နောက်တွင် ‘ကျော်’ တစ်လုံးတိုးကာ “ဥတ္တမကျော်” ဟု ယနေ့ထက်တိုင် ခေါ်တွင်ကြကုန်၏။ အရှင် ဥတ္တမကျော်သည် နိဿယကျမ်းပေါင်းများစွာနှင့် ပျို့၊ ကဗျာ၊ လင်္ကာ တို့ကိုလည်း ပြုစု စီရင်တော်မူခဲ့၏။ ၎င်းတို့ကား------
(၁) ပဋိသမ္ဘိဒါမဂ် ပါဠိတော်နိဿယ၊
(၂) မဟာနိဒ္ဒေသ ပါဠိတော်နိဿယ၊
(၃) ပေဋကောပဒေသ ပါဠိတော်နိဿယ၊
(၄) ဓမ္မသင်္ဂဏီ ပါဠိတော်နိဿယ၊
(၅) ၀ိနယသင်္ဂဟ ပါဠိတော်နိဿယ၊
(၆) သစ္စသံခိပ် ဋီကာသစ်နိဿယ
(၇) ခုဒ္ဒသိက္ခာ ဋီကာသစ်နိဿယ
(၈) အဘိဓမ္မာဝတာရ ဋီကာသစ်နိဿယ
(၉) သဒ္ဒသာရတ္ထဇာလိနီ စာကိုယ်နိဿယ
(၁၀) ၀ဇီရသာရတ္ထသင်္ဂဟ စာကိုယ်နိဿယ
(၁၁)ကစ္စာယနဘေဒ စာကိုယ်နိဿယ
(၁၂) ၀ါစကောပဒေသ စာကိုယ်နိဿယ
(၁၃) ဂန္ထကာရက္ကမပျို့
(၁၄) တောလားကဗျာကြီး (၉)ပုဒ်-
စသည်တို့ဖြစ်ကုန်၏။ အရှင်ဥတ္တမကျော်ရေးသားစီရင်ခဲ့သော ကျမ်းများအနက် တောလားကဗျာကြီး (၉)ပုဒ်သည် နောက်နောင်ပေါ်ပေါက်လတ္တံ့သော (၁၂)ရာသီဖွဲ့ကဗျာများ၏ မျိုးစေ့သဖွယ် ရှေ့ပြေးတမန်သဖွယ်ဖြစ်၏။ ထိုတောလားကဗျာကြီး (၉) ပုဒ်သည် သက္ကရာဇ်-(၈၄၅) ခုနှစ်လောက်ခန့်က ရေးသားဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွတော်မူအံ့သောအချိန်အခါ၌ ခရီးလမ်းမ၏သာယာခြင်း၊ ရာသီအလိုက် ဖူးပွင့်ကြကုန်သောသစ်ပင် ပန်းမာလာများအကြောင်းနှင့် နက္ခတ်တာရာတို့၏ တည်နေဟန်များကို ဖွဲ့ဆိုသီကုံးထားပုံမှာ ဆေးရောင်စုံဖြင့် ခြယ်သထားအပ်သော ပန်းချီကားချပ်ကြီးတစ်ချပ်အလား ဖတ်ရှုရသူတို့၏ စိတ်၊ မျက်စိထဲ၌ ကွင်းကွင်းကွက်ကွက် ထင်ထင်ရှားရှား ဖြစ်ပေါ်လာစေရကား အရှင်ဥတ္တမအား “စာပန်းချီဆရာကြီး” ဟူ၍ပင် ဂုဏ်တင်ထိုက်လှပေ၏။ သက္ကရာဇ်-(၈၈၂) ခုနှစ်တွင် သက်တော် -(၆၇)နှစ်၊ သိက္ခာတော်-(၄၇)၀ါ ရနေပြီဖြစ်သော အရှင်ဥတ္တမကျော်ကို ဘုရင် နရမတိမင်းက အင်းဝ၌ သီတင်းသုံးတော်မူပါရန် တောင်းပန်လျှောက်ထားသည်ကိုပင် ငြင်းပယ်တော်မူပြီးလျှင် တောင်တွင်းကြီးမြို့၌ ဧကစာရီတစ်ပါးတည်း သီးတင်းသုံးတော်မူလေ၏။ ဆရာတော် အရှင်ဥတ္တမကျော်သည် ထိုသို့ ဧကစာရီတစ်ပါးတည်း သီတင်းသုံးတော်မူရင်းဖြင့် သက္ကရာဇ်-(၉၈၄)ခုနှစ်၊ သက်တော်-(၈၉)နှစ်၊ သိက္ခာတော်-(၆၉)၀ါ အရောက်တွင် တောင်တွင်းကြီးမြို့၌ ပျံလွန်တော်မူလေ၏။
ကျမ်းကိုး [မြန်မာ့စာဆိုတော်များ စာမျက်နှာ၊ ၄၂-၅၁။
ပုဂ္ဂိုလ်ကျော်များ စာမျက်နှာ၊ ၄-၆။
မြန်မာ့သမိုင်း စာမျက်နှာ၊ ၆၂-၆။
စာဆိုတော်များအတ္ထုပ္ပတ္တိ စာမျက်နှာ၊ ၅၀-၃။
က၀ိသေနင်္ဂဗျူဟာကျမ်း။
0 comments:
Post a Comment