Friday, July 1, 2011

နိဿယကျမ်းပြုပုဂ္ဂိုလ်၏ အတ္ထုပ္ပတ်(၃)


တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသ
တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသသည် သာသနာတွင် ထင်ရှားကျော်ကြားတော်မူခဲ့သော ဆရာတော် တစ်ပါးဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်၏ သာသနာတော်ကို ပရိယတ်၊ ပဋိပတ် အလုပ်နှစ်ဖြာနှင့် သာသနာတော်ကို ချီးမြှောက်ပူဇော်တော်မူခဲ့သည့် သဗ္ဗညုတ ဘုရားဆုပန် မထေရ်မြတ်ကြီးတစ်ပါးလည်းဖြစ်ပါတယ်။ တိပိဋကာလင်္ကာရထေရ်လောင်းလျာကို (သက္ကရာဇ်-၉၆၁ ခုနှစ်တွင် ရတနာပူရအင်းဝနန်းမြို့တော်၌ နန်းတတ်တော်မူသော သတိုးမင်းစောလက်ထက်) သက္ကရာဇ်-(၉၄၀)ပြည့်နှစ်တွင် စလင်းမြို့၌ ဖွာင်းမြင်တော်မူခဲ့သည်။ ငယ်ရွယ်စဉ်အခါကပင် သာမဏေ၀တ်ခဲ့ရာ ဘွဲ့တော်မှာ ရှင်မုနိန္ဒဃောသ ဖြစ်၏။ ငါးဆူဒါယကာမင်းလက်ထက် သက္ကရာဇ်-(၉၅၃) ခုနှစ်တွင် ရဟန်းသံဃာတော်များကို ပင့်ဆောင်၍ ကိုးကွယ်ခဲ့ရာ သက်တော်(၁၃)နှစ်အရွယ်မျှသာရှိသေးသည့် သာမဏေငယ်လေး ရှင်မုနိန္ဒဃောသသည်လည်း ပြည်မြို့သို့ ပင့်ဆောင်ကိုးကွယ်ခြင်း ခံရ၏။ ပြည်မြို့သို့ရောက်သောအခါ မိမိ၏အနွယ်အဆက်ဖြစ်သော သီဟိုဠ်ပြန်ဆရာတော် ရှင်အတုလ၀ံသ၏ န၀င်းတောင်ကြားကျောင်းတိုက်၌ သီတင်းသုံးတော်မူလျက် ပညာသင်ကြားတော်မူခဲ့၏။ များမကြာမီ မင်းကြီးနောင်း၏ ကိုးကွယ်ကြည်ညိုမှုကို ခံယူရရှိတော်မူခဲ့သောကြောင့် ဂုဏ်သတင်းထင်ပေါ်ကျော်ကြားခဲ့သည်။

တော်ဖီလာဆရာတော်လောင်းလျာ ရှင်မုနိန္ဒဃောသသည် သက္ကရာဇ်-(၉၅၄) ခုနှစ်တွင် သက်တော်-(၁၅) နှစ်သား အရွယ်တော်မျှဖြင့်ပင် ဝေဿန္တရာပျို့ကို ရေးသားပြုစုတော်မူခဲ့၏။ ထိုအချိန်မှစ၍ ‘သာမဏေကျော်’ ဟု ထင်ရှားခဲ့၏။ သက္ကရာဇ်-(၉၅၉) ခုနှစ်တွင် ပြည်ဘုရင် သတိုးဓမ္မရာဇာ မင်းကြီးနောင်းကို အထိန်းတော်ရန်နိုင်စားက လုပ်ကြံ၍ ပြည်မြို့ကို မင်းပြုပြီးနောက် မရှေးမနှေးမှာပင် သာမဏေကျော် ရှင်မုနိန္ဒဃောသ၏ ကျမ်းဂန်တတ်မြောက်ခြင်းစသော ပညာအရည်အချင်းတို့ကို သိရှိရ၍ များစွာကြည်ညိုနှစ်သက်ခြင်း ဖြစ်တော်မူ၏။ ရှင်မုနိန္ဒဃောသ သက်တော်-(၂၀)ပြည့်မြောက်သောအခါ ဖော်ပြပါ ရန်နိုင်စားမင်း၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်းဘ၀ကို ရရှိတော်မူခဲ့၏။ ရဟန်းဘွဲ့တော်အမည်မှာ အရှင်မုနိန္ဒဃောသ ပင်ဖြစ်၏။ အရှင်မုနိန္ဒဃောသသည် အရိယာဝံသဓမ္မသေနာပတိသိရီသဒ္ဓမ္မကိတ္တိ-စသည့် ပညာရှိပုဂ္ဂိုလ်တို့ အထံတော်၌လည်း ပိဋကတ်ကျမ်းဂန် အတန်တန်ကိုတို့ကို သင်ယူတော်မူခဲ့ရာ သဒ္ဒါဗျာကရုဏ်းကျမ်းများနှင့်တကွ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ-ဟူသော ပိဋကတ်သုံးပုံး ပါဠိတော် အဋ္ဌကထာ၊ ဋီကာ သူသမျှတို့၌ ထုံးလိုချေ ရေလိုနှောက်ကာ မွှေနှောက်ချောက်ချားနိုင်သည့်တိုင်အောင် သင်ကြားတတ်မြောက်တော်မူခဲ့သည်။ အရှင်မုနိန္ဒဃောသသည် ပညာတတ်သူ၊ ဉာဏ်ထက်မြတ်သူ၊ ၀ိနည်းသိက္ခာပုဒ်တို့၌ လေးစားသူ-ဟူ၍ ရဟန်းပရိသတ်၊ ရှင်ပရိသတ်၊ မင်းစိုးရာဇာပရိသတ်တို့၌ မဆန့်အောင်ပင် ဂုဏသတင်းများ ပျံ့နှံ့ ကျော်စောခဲ့သည်။ ဆရာတော်သည် ပြည်မြို့ န၀င်းတောင်ကြားကျောင်း စသည်တို့၌ သီတင်းသုံးတော်မူလျက် ချဉ်းကပ်ရောက်ရှိလာကြကုန်သော တပည့်တပန်း ရဟန်း သာမဏေတို့အား ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ-စသော ကျမ်းဂန်တို့ကို ပျက်ကွက်မှုနည်းနိုင်သမျှနည်းအောင်   ဂရုတစိုက် ပို့ချတော်မူခဲ့၏။ စာဝါပို့ချပြီးတိုင်း “ဣဒံ မေ ပုညံ သဗ္ဗညုတဉာဏဿ ပစ္စယော ဟောတု- ဤသို့ စာပေပို့ချရသော မြတ်ပုညကြောင့် သဗ္ဗညုတဉာဏ်တော်၏ အထောက်အပံ့ဖြစ်ရပါစေ-ဟုဆုတောင်းတော်မူလေ့ရှိ၏။ သက္ကရာဇ်-(၉၆၇)ခုနှစ်တွင် အနောက်ဖက်လွန်မင်းတရားကြီးသည် အင်းဝရွှေနန်းတော်ကို သိမ်းမြန်းစိုးစံတော်မူ၍ (၉၇၀)ပြည့်နှစ်တွင် ပြည်မြို့ကို အလိုတော်ရှိတိုင်းပင် သိမ်းယူနိုင်ခဲ့သည်။
ထိုအခါ ပြည်မြို့မှ ပင့်ဆောင်ခေါ်ယူရန်သင့်လျော်သည့် ရဟန်း၊ ရှင်၊ လူတို့ကို သိမ်းယူပင့်ဆောင်ခဲ့ရာ ထိုအထဲတွင် အရှင်မုနိန္ဒဃောသသည်လည်း တစ်ပါးအပါအ၀င်ဖြစ်၏ ဤသို့ဖြင့် အရှင်မုနိန္ဒဃောသသည် ပြည်မြို့မှနေ၍ အင်းဝနေပြည်တော်သို့ ရောက်ရှိတော်မူလာရပေသည်။ “ပြည့မြို့ကို သိမ်းယူရာ၌ ရှင်တစ်ဆူ၊ လူတစ်ယောက်သာရသည်” ဟု မင်းတရားကြီးက မိန့်ကြားတော်မူခဲ့ရာ ‘ရှင်တစ်ဆူ’ဆိုသည်မှာ ကျမ်းတတ်အကျော် တောင်ဖီလာဆရာတော်လောင်းလျာ အရှင်မုနိန္ဒဃောသဖြစ်ပြီး၊ လူတစ်ယောက်ဆိုသည်မှာ အရှင့်ကျေးဇူးကို အထူးသိတတ်သော (၁၃)နှစ်သားအရွယ် ငထင်ငယ် ကိုဆိုခြင်းဖြစ်၏။ ထိုစဉ်က အရှင်မုနိန္ဒိဃောသသည် ဉာဏ်မီးတောက်စ သက်တော်(၃၀)မျှသာရှိသေး၏။ အနောက်ဖက်လွန်မင်းတရားကြီးသည် အရှင်မုနိန္ဒဃောသ၏ စာပေကျမ်းဂန်အရပ်ရပ်တို့၌ တစ်ဖက်ကမ်းခတ် တတ်မြောက်သည့်ဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့ကို ကြည်ညိုလှသဖြင့် တိပိဋကာလင်္ကာရ ဟူသောဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း ပူဇော်တော်မူခဲ့သည်။ ထိုအချိန်မှစ၍ တိပိဋကာလင်္ကာရ အရှင်မုနိန္ဒဃောသထေရ် ဟု ထင်ရှားကျော်ကြားလာလေတော့သည်။ သက္ကရာဇ်-(၉၉၀)ပြည့်နှစ်တွင် ဟံသာဝတီ၌ နန်းတတ်တော်မူသော သာလွန်မင်းတရားကြီး လက်ထက်တော်ဝယ် မွန်မှူးမတ် ရဟန်း၊ ရှင်၊ လူတို့က မြန်မာရဟန်းတော်များ စာပေကျမ်းဂန် မတတ်မကျွမ်း ဟုဆိုကြသောစကားများကို သာလွန်မင်းတရားကြီး ကြားသိတော်မူသဖြင့် အသက်(၃၀)ကျော် (၄၀)အရွယ်ရှိ ပိဋကတ်၊ ဗေဒင်၊ လောကဓာတ်၊ ဓမ္မ၀တ်တို့၌ တတ်ကျွမ်းလိမ္မာသောရဟန်းတော် (၂)ပါး (၃)ပါးကို ဟံသာဝတီသို့လာပါစေ ဟု လေးထပ်ဆရာတော်ထံ လျှောက်ထားလိုက်ရာ လေးထပ်ဆရာတော်က-
(၁) တောင်ဖီလာဆရာတော်လောင်းလျာ တိပိဋကာလင်္ကာရ အရှင်မုနိန္ဒဃောသထေရ်၊
(၂) အရှင်တိလောကာလင်္ကာရထေရ်၊
(၃) အရှင်တိသာသနာလင်္ကာရထေရ်-
ဟူသော ပုဂ္ဂိုလ်ကျော်(၃)ပါးကို စေလွှတ်တော်မူလိုက်လေ၏။ ဤသို့ဖြင့် အရှင်မုနိန္ဒဃောသသည် ဟံသာဝတီသို့ အဖော်ရဟန်းတော်နှစ်ပါးနှင့် အတူတကွကြွရပြန်လေ၏။ ဟံသာဝတီ(ပဲခူး)သို့ ရောက်သောအခါ ဆောက်လုပ်လှူဒါန်းအပ်သောတဲကျောင်း၌ သီတင်းသုံးတော်မူလျက် စာပေကျမ်းဂန်များကို ပို့ချပေးတော်မူသောအခါမှသာလျှင် ကျမ်းဂန်တတ်မွန်ဆရာတော်များနှင့် မွန်မှူးမတ်တို့က မြန်မာရဟန်းတော်များ ကျမ်းဂန်တတ်ကျွမ်းကြပေကုန်၏ ဟု ချီးကျူးထောမနာ ပြုကြလေကုန်၏။ သာသာနာရေးကိစ္စများကို ပြီးပြေသဖြင့် သက္ကရာဇ်-(၉၉၆)ခုနှစ်တွင် သာလွန်မင်းတရားကြီး အင်းဝရွှေပြည်တော်သို့ ဆန်တတ်တော်မူသောအခါ တိပိဋကာလင်္ကာရ အရှင်မုနိန္ဒဃောသထေရ်သည်လည်း အဖော်ပုဂ္ဂိုလ်ကျော် ရဟန်းတော် (၂) ပါးနှင့်အတူ အင်းဝနေပြည်တော်သို့ ပြန်ကြွတော်မူခဲ့၏။ သာလွန်မင်းတရားကြီးသည် တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသ၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကို အလွန်ကြည်ညိုလေးမြတ်တော်မူလှသဖြင့် သက္ကရာဇ်-(၁၀၀၀)ပြည့်နှစ်တွင် မဟာတိပိဋကာလင်္ကာရ ဟူသော ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း ပူဇော်တော်မူလေသည်။ မဟာတိပိဋကာလင်္ကာရ တောင်ဖီလာဆရာတော် အရှင်မုနိန္ဒဃောသသည် ကျမ်းဂန်မျိုးစုံတို့ကို မြောက်များစွာ ပြုစီရင်တော်မူခဲ့သည်။ ၎င်းတို့မှာ
(၁) မာတိကာအရကောက်
(၂) ယမိုက်အရကောက်
(၃) ပဋ္ဌာန်းအရကောက်
(၄) ဓာတုကထာနိဿယ
(၅) ၀ီသတိဝဏ္ဏနာကျမ်း
(၆) ဓာတုဝိတ္ထာရကျမ်း
(၇) ဝေဿန္တရပျို့ဟောင်း
(၈) သမ္ပန္နဓာတ်ကျမ်း
(၉) ကမ္မဇရုပ်ကျမ်း
(၁၀) ကွန်ချာဓာတ်ကျမ်း
(၁၁) မဟာနာရီကျမ်း
(၁၂) ၀ိနည်း(၅)ကျမ်းပါဠိတော်နိဿယ
(၁၃) ရာဇိန္ဒရာဇနာမာဘိဓေယျဝိသောဓနီ
(၁၄) အဓိမာသသ်ဋီကာကာ
(၁၅) မနုသာရဓမ္မသတ်
(၁၆) ရွှေဖျဉ်းဓမ္မသတ်
(၁၇) အမေးတော်ပုံအဖြေ
(၁၈) လောက၀ိဒူကျမ်း
(၁၉)ယသ၀ဍ်ဎန၀တ္ထ
(၂၀) ၀ိနယာလင်္ကာရဋီကာ
(၂၁) ဖျက်စု-ခက်စု-ခဲစု-မမြဲစုများ
(၂၂) သြ၀ါဒရတုပုဒ်စုံ-စသည်တို့ဖြစ်ကုန်၏။
တိပိဋကာလင်္ကာရ မဟာရာဇဂုရု တောင်ဖီလာဆရာတော် ပြုစီရင်တော်မူခဲ့သောကျမ်းဂန်များကို လေ့လာထောက်ရှုခြင်းအားဖြင့် ဆရာတော်သည် သဒ္ဒါဗျာကရုဏ်းကျမ်းများနှင့်တကွ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်တို့၌ ကျွမ်းကျင်လိမ္မာ နှံ့စပ်တော်မူကြောင်း၊ ယောဂီရဟန်းတော်ကြီးတစ်ပါး ဖြစ်သော်ငြားလည်း လောကကြီးကို ကျော်ခိုင်းထားသူမဟုတ်ပဲ ခေတ်မှီသော၊ လောကရေးရာကျွမ်းကျင်သော ပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးဖြစ်ကြောင်း၊ လောကုတ်၊ လောကီ၊ နှစ်လီသောဓမ္မတို့၌ ကျွမ်းကျင် လိမ္မာတော်မူသော စွယ်စုံရ ပုဂ္ဂိုလ်ထူးကြီးတစ်ပါး ဖြစ်တ်ာမူကြောင်း၊ သဗ္ဗညုတဘုရား ဆုပန် ဘုရားလောင်း သူတော်ကောင်းကြီးတစ်ပါး ဖြစ်တော်မူကြောင်း လေ့လာသိရှိနိုင်ပါသည်။ ထို့အပြင် ဆရာတော်သည် တိပိဋကာလင်္ကာရ၊ မဟာတိပိဋကာလင်္ကာရ ဟူသော ဘွဲ့တံဆိပ်တော်နှစ်ထပ်ရ ရာဇဂုရုမင်းဆရာတော်တစ်ပါး ဖြစ်လင့်ကစား မာန်မာနတရားကို ချိုးနှိမ်ထားပြီး လောက၀တ်၊ ဓမ္မ၀တ်တို့၌ အလိုက်သိစွာ လေးစားလိုက်နာတတ်သော ပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးဖြစ်ကြောင်းကို စက်တော်ရာ(၂)ဆူကို ဖူးမြော်ပြီးအပြန်လမ်းတွင် ရွှေဥမင်ဆရာတော် အရှင်ဇမ္ဗုဓဇနှင့် တွေ့ဆုံဆွေးနွေးတော်မူခဲ့ပုံ အကြောင်းအရာကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။
မဟာတိပိဋကာလင်္ကာရ အရှင်မုနိန္ဒဃောသထေရ်သည် ပါဒနှစ်ဆူကို ဖူးမြော်ပြီးအပြန် သက္ကရာဇ်-(၁၀၀၀)ပြည့်နှစ်၊ တပေါင်းလ၊ သက်တော်(၆၀)၊ သိက္ခာတော်(၄၁)၀ါအရတွင် ရွာကျောင်းမှဖဲခဲ့၍ စစ်ကိုင်းတော်ရိုး၊ တောင်ဖီလာချောင်၍ သီတင်းသုံးနေထိုင်တော်မူသောကြောင့် တောင်ဖီလာဆရာတော်ဟု ခေါ်ဆိုကျော်ကြားတော်မူခဲ့၏။ ထို့သို့ဖြင့် ပိဋကတ်ကျမ်းဂန်များကို ပို့ချတော်မူခြင်း၊ ရေးသားပြုစုတော်မူခြင်း၊ တရားကျင့်တော်မူခြင်း၊ လောက၀တ်၊ ဓမ္မ၀တ်အားလျော်စွာ ပြည့်ရှင့်မင်းနှင်တကွ မင်းညီမင်းသား မှူးမက်ဗိုလ်ပါ အခြံအရံပရိသတ် တိုင်းသားပြည်သူအားလုံးတို့အား တရားဓမ္မများ ဟောဖော်ညွန်ပြဆုံးမခြင်း၊ စသည်တို့ဖြင့် သာသနာတော်၏လုပ်ငန်းတာဝန်များကို အားသွန်ကြိုးပမ်း ထမ်းဆောင်တော်မူခဲ့သော တောင်ဖီလာဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဃောသသည် သက္ကရာဇ်-(၁၀၁၃)ခုနှစ်၊ သက်တော်-(၇၃)နှစ်၊ သိက္ခတော်-(၅၄)၀ါအရတွင် ဘ၀နတ်နန်း စံမြန်းတော်မူခဲ့၏။
ကျမ်းကိုး (စစ်ကိုင်းသာသနာဝင်၊ဂန္တ၀င်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ်၊ သာသနာလင်္ကာရစာတမ်း၊ မြန်မာ့စာဆိုတော်များ စသော စာအုပ်များ)။

 

0 comments:

Post a Comment