Friday, July 22, 2011

ဓမ္မအမေး အဖြေ

မေးခွန်း။         ဘုန်းဘုန်းဘုရား မန်ဒါရာ (မန္တရ၀ါဒ) ကဝဇိရယာန နဲ့  ဆက်စပ်နေ ပါလားဘုရား ၊ ဝဇိရယာနက English လို (Esoteric Buddhism - vajrayāna) ပါလားဘုရား။ တပည့် တော်လေ့လာ တိုက်ကြည့်နေတာ မသေချာလို့မေးကြည့်တာပါဘုရား။
                              Ma Yin Yin Aye (Department of Korean Studies) Ewha Womans University,

ဖြေ။     ၀ဇိရယာနကို သာသနာသက္ကရာဇ် ၁၁၄၄-၁၁၉၄ တွင် ဒုတိယနာဂဇုနက တီထွင်ပါသည်။
အိန္ဒိယအရှေ့ ပိုင်းဒေသ များဖြစ်သော ဘင်္ဂေါနယ်၊ အာသံတောင်တန်းနှင့် အိန္ဒိယအနောက်ပိုင်း ပက်ရှဝါတို့၌ ဤ၀ါဒ ထွန်းကားခဲ့သည်ဟု သိရပါသည်။ ၀ဇိရဆိုသည်မှာ စိန်ဟုအဓိပ္ပါယ်ရှိပြီး ယာနမှာ လမ်းစဉ်ဖြစ်ပါသည်။ စိန်သည် မာကြောခြင်း အဆင့်တစ်ဆယ်တွင်ရှိပြီး အရည်အသွေး မြင့်မားပါသည်။ ၀ဇိရ၏ အခြားအဓိပ္ပါယ်မှာ မိုးကြိုးသွား ဖြစ်ပါသည်။ နိဗ္ဗာန်ကို စိန်နှင့် ဥပမာပေးပြီး မဂ်ဥာဏ်ကို မိုကြိုးသွားနှင့် ဥပမာပေးထားပါသည်။ မိမိကိုယ်ကို စိန်လိုမာကြောပြီး မကျေပျက်အောင် ဆောင်ရွက် တတ်သော လမ်းစဉ်တစ်ခုပင် ဖြစ်သည်။ တန္တရ အနွယ်ဝင် ဖြစ်သော ၀ဇိရယာန ရဟန်းတော်များသည် အယုတ်ညံ့ဆုံးအကျင့်ကို ကျင့်သုံးပြီး မွန်မြတ်သော လုပ်ငန်း ဖြစ်အောင် ကျမ်းဂန်များကို ရေးသားကြသည်ဟု အဆိုရှိပါသည်။ သူတို့အကျင့်မှာ မသုံးလုံး အကျင့် ဖြစ်ပါ သည်။ မဇ္ဇ သေရည်သေရက်၊ မံသ အသားစား၊ မေထုန မေထုန်မှီဝဲခြင်းတို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ါဒနှင့်ဖြောင့်ဖြောင့် ဆန့်ကျင်သော ၀ါဒဖြစ်ပါသည်။ တန္တရဥာဏ်ပညာ လောကီမှ လောကုတ္တရာအထိ ရစေနိုင်သည်။
       ယောဂါစာရ ဂိုဏ်းမှ ပေါက်ဖွားလာသော ဂိုဏ်းဖြစ်သည်။ ဓာရဏီခေါ် ပရိတ်မန္တန်များ ရွတ်ဖတ်ခြင်း၊ မဏ္ဍလခေါ် စက်ဝိုင်းတွင်းရှိ ရုပ်ပုံများ၊ တြိဂံပုံစသော အင်းကွက်များသည် သမာဓိရရေး အတွက် အရေးပါသည်။ ဂါထာမန္တများကို ဦးစားပေးရွတ်ဆိုသဖြင့် မန္တရ၀ါဒဟုလည်းခေါ်ပါသည်။ ဤ၀ါဒကို ဗုဒ္ဓဘာသာဝင်များက စထွင်ခဲ့ခြင်း မဟုတ်ဘဲ ကမ္ဘာဦးစကပင် ရှိခဲ့သည်ဟု သိရပါသည်။ တန္တရ၀ါဒသည် လျို့ဝှက်တီးတိုး ၀ါဒဖြန့်ရသဖြင့် လွပ်လပ်မှု နည်းပါးလေလေ ဤ၀ါဒတွင်ကျယ်လေလေ ဖြစ်ပါသည်။ ဤ၀ါဒသည် သင်္ကေတဖြင့် ဂိုဏ်းဝင်အချင်းချင်း ဆက်သွယ်ကြသဖြင့် တစ်ခါတစ်ရံ ကြမ်းတမ်သော စကားဖြစ်ပေမည့် သူတို့အချင်းချင်းကမူ နားလည် ခွင့်လွတ်ကြလေသည်။ ဘုန်းဘုန်းဘုရား မန်ဒါရာ (မန္တရ၀ါဒ) က ဝဇိရယာန နဲ့  ဆက်စပ်နေပါလား ဘုရားဟု မေးသော် ဆက်စပ်သည်ဟု အဖြေပေးရပါမည်။ မန္တရနှင့် တန္တရ အတူတူပင်ဖြစ်သည်။ ထိုဝါဒကို ၀ဇိရယာန ရဟန်းတော်များကျင့်သုံးသည်။မြန်မာနိုင်ငံတွင်တစ်ချို့သော ဆေးဘုန်းတော်ကြီးများသည် ဆေးကုသရာတွင် လူနာနှင့် ဆက်ဆံစကားပြောရာတွင် အလွန်ကြမ်းထမ်းသော စကားလုံးများဖြင့် ပြောဆိုသုံးနုန်းသည်ကို စာရေးသူတွေ့ရပါသည်။ ရှေးခေတ်ကမူ အရည်းကြီး ရဟန်း တော်များပင်ဖြစ်ပါသည်။
          ၀ဇိရယာန ရဟန်းတော်များသည် ယခုရှိသေးပါ၏လော ဘယ်မှာနေကြသနည်း အရက်သောက်၊ အသားအလွန် အကြူးစား၊ မိန်းမနှင့်အတူတူနေကြသော ရဟန်းတော်များ အားလုံသည် ၀ဇိရယာန အကျင့်ကို ကျင့်သူ ရဟန်းတော်များပင် ဖြစ်သည်။ ဂျပန်တွင်ဖြစ်စေ၊ ကိုရီးယားမှာရှိစေ၊ မြန်မာပြည်မှာ နေနေ၊ ထိုင်းမှအခြေချချ၊ သီရိလင်္ကာတွင်ဆိုဆို၊ အမေရိကတွင် သီတင်းသုံသုံး တစ်ခြားအမည်ခံပြီး ၀ဇိရ ယာန ကျင့်စဉ်ကို ကျင့်သုံးနေသူများဖြစ်သည်။ ယခုခေတ်တွင်မူ တိဘက်ရဟန်းတော်များကို အသွင်အား ဖြင့် ၀ဇိရယာနရဟန်းတော်များဟုခေါ်နေကြပါသည်။
        ၀ဇိရယာနကို သာသနာသက္ကရာဇ် ၁၁၄၄-၁၁၉၄ တွင် ဒုတိယနာဂဇုနက တီထွင်ပါသည်။ ယခုဘုန်းတော်ကြီး ဒလိုင်းလားမားသည် (၁၄) ဆက်မြောက်ဟု ဆိုထားပြီး သက်တော်(၇၆) ရှိနေပါပြီ။ ပထမဆုံး ဒလိုင်လာမား Gedun Drupa (၁၃၉၁-၁၄၇၄) တစ်ဦးသာလျှင် သက်တော် ၇၅ နှစ်ထက် ပိုရှည်ပြီး၊ ၈၄ နှစ်အထိ နေနိုင်ခဲ့သည်။ ၀ဇိရယာနပေါ်ပြီး နှစ်နှစ်ရာနီးပါးမှ  တိဘက်လားမား မျိုးဆက်ဖြစ်လာခဲ့ပါသည်။ တိဘက်ရဟန်းတော်များသည် မသုံလုံး ကျေပါ သလော။ ဒလိုင်းလားမားသည် တိဘက်တွင်ရှိခဲ့စဉ်က အသားစားခဲ့သော်လည်း အိန္ဒိယသို့ ထွက် ပြေးလာခဲ့ပြီးမှ နှစ်ငါးဆယ်ကျော်အတွင်း သက်သတ်လွတ်သို့ ပြောင်းခဲ့သည်ဟု သိရပါသည်။ အများအားဖြင့် အသားစားကြသည်။ အရက်လည်း တရားဝင် သောက်ကြ၊ ညနေစာလည်း တရားဝင် စားကြသည်။ စာရေးသူ အိန္ဒိယမှာရှိနေစဉ် ဘင်္ဂလိုမြို့သို့ တိဘက် ဆေးခရက် မြူးဇစ်ခ် ပွဲတော်တွင် (၇) ရက် တိတိ ဖိတ်ကြားခံရသဖြင့် မိတ်ဆွေရဟန်းတော် အရှင်သုဝဏ္ဏနှင့် အတူ ကြွရောက်ခဲ့ရာ ထိုဝဇိရယာနဂိုဏ်းသား (၄၀၀) ကျော် ဟိုတယ်ကြီးတွင် အရက်နှင့် ညစာများကို စားသုံးသည်ကို ကိုယ်တိုင် တွေ့ခဲ့ပါသည်။ ယနေ့အထိ စာရေးသူ အရက် မသောက်ဘူးသေးချေ။ အိန္ဒိယသူဋ္ဌေးမှ ကုန်ကျစရိတ်အားလုံးကို ခံသည်ဟု သိရပါသည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာ လ၊  ဗုဒ္ဓဂယာဘုရားအနီး စာတန်းဖတ်ပွဲတွင်လည်း တိဘက် ရဟန်းတော်တစ်ပါးက ပြောကြား ရာတွင် သူ၏ ခံစားချက်ကို ပရိတ်သတ်ရှေ့တွင် ပြောပြခဲ့သည်မှာ တိဘက်ရဟန်းတော်များနှင့် မာတုဂါမ ရှုပ်ထွေးမှုသည် သူတို့တတွေကို အထင်အမြင်လွဲစေသည်ဟု ဆိုပါသည်။ ဤကဲ့သို့ လွဲမှား လောက်အောင်ပင်လည်း ရှုပ်ထွေးနေကြပါသည်။ ဤသို့ ရေးသားရခြင်းမှာ သာသနာ တော်၏ အခြေအနေမှန်ကို သိစေရန်သာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာအများစုသည် ယနေ့အထိ အိပ်ငိုက်နေဆဲ ရှိပါသည်။
                 မြန်မာနိုင်ငံတ်ာမှ အလွန်ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် တစ်ဦးကလည်း ဘာသာရေးအကြောင်း အမေးဖြေတွင် ၀ဇိရယာနအကြာင်းကို ထည့်ပြီး ဖြေသွားသည်ကို အောက်ပါ အတိုင်းတွေ့ရပါသည်။ “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာနဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြား သော ဘာသာတရား များကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦး တစ်ယောက်က အခြားလူတစ်ဦး တစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင် သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။  ဖြေဆိုထားပါသည်။ စာရေးသူသည် ဘာသာရေးနှင့် ပတ်သက်၍မူ ခေါင်းဆောင်များကိုလည်း ဂရုစိုက် လေ့လာစေချင်ပါသည်။ သူတို့သည် သာသနာတော်အတွက် အပေါင်းကိန်းများသာ ဖြစ်ပါသည်။ အနုတ်ကိန်းဖြစ်မှာ စိုးမိပါသည်။ အထက်ပါ အဖြေကို သဘောကျခြင်း မကျခြင်းထက် ၀ဇိရယာန ဘာဆိုသည်ကို လေ့လာစေလိုပါသည်။ မြတ်စွာ ဘုရားရှင်သည်လည်း တစ်ခြားအယူ မတူသူများထံသို့ ကြွတော်မူသည် မဟုတ်လောဟု မေးမြန်းဖွယ်ရှိပါသည်။ သူသည် သိသိကြီးနှင့် သူတို့၏ အကျိုးများစေရန် အတွက် ကြွရောက်ခြင်း ဖြစ်ပေသည်။ မသိဘဲနှင့် ပြောခြင်း၊ သွားခြင်းမျိုး မဟုတ်သည်ကို သတိပြုရာသည်။ (မူရင်းစာမျက်နှာ Posted by ဓမ္မဂင်္ဂါ posted by yatanavasa )မန်မာနိုင်ငံတ်ာမှ အလွန်ထင်ရှားသော ထို နိုင်ငံရေးခေါင်းဆောင်၏ အောက်ပါအဖြေမှာမူ ဘာသာတရားကို လေ့လာထားပြီး ဖြစ်ပုံရပေသည်။ “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒ ထက်ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။ မဟာယာနနှင့် ထေရ၀ါဒ ကရုဏာအကြောင်း ဘယ်ဝါဒက ပိုပြောသလဲဆိုသည်ကို ဆက်လက် စူးစမ်းကြစေချင်ပါသည်။ အချုပ်မှာ မြတ်စွာဘုရားရှင်သည် မည်သည့် ယာနကိုမှ မသင်ကြားပါ။ ထေရ၀ါဒ၊ မဟာယာန၊ ၀ဇိရယာနများသည် ဘုရားနုတ်တော်ထွက် အမည်များ မဟုတ်ကြပါ။ သစ္စာလေးပါးသည်သာ မြတ်စွာဘုရား နုတ်တော်ထွက် ဖြစ်ပါသည်။ သို့အတွက် အမှန်တရားကို ဘယ်ယာန၊ ဘယ်ဝါဒရှင်ကမှ မငြင်းခုံကြပါ။ ထေရ၀ါဒတွင်လည်း သစ္စာလေးပါးပင် ရှိပါသည်။ မဟာယာန ၀ဇိရယာနတွင်လည်း အတူတူပင် ဖြစ်ပေမည်။ သို့သော် ကျင့်စဉ်ကိုမူ စစ်ဆေးကြရပါမည်။ ၀ီမံသက သုတ်ရှိပါသည်။ ဘုရားအာဘော်ကို တွေ့ရပါ မည်။ (သာသနာနှစ် ထောင့်ငါးရာခရီး - မောင်အံ့တွင် စုံစုံလင်လင် ပါဝင်သည်။)

(ဒေါက်တာ အရှင်နန္ဒက မှ ဖြေကြားထားပါသည်)

0 comments:

Post a Comment